Saturday, November 15, 2008

အိမ်မက်တဲ့ည

အဲဒီညပေါ့……
အိမ်မက် မက်နေတယ်လို့ အိမ်မက်တဲ့ည
တဆတ်ဆတ်တုန်ခါနေတဲ့မြေကြီးပေါ်
လမ်းထွက်လျှောက်စဉ်
သွေးညှီနံ့တွေအငွေ့ပျံနေတဲ့အခန်းထဲ
ယုတ်မာကောက်ကျစ်မှုတွေ…
ရက်စက်ကြမ်းကြုတ်မှုတွေ…
လူ့အသက် သွေး လူ့ဂုဏ်သိက္ခာတွေကို
အာဏာအိုးထဲထည့်ပြီး
ယစ်ပူဇော်နေတဲ့လူတသိုက်
အစွမ်းကုန်မိုက်တွင်းနက်နေပုံများ
လူကတိရိစ္ဆာန်ဖြစ်လိုက်
တိရိစ္ဆာန်ကလူဖြစ်လိုက်နဲ့
ပုံရိပ်တွေ…..
ပုံရိပ်တွေ…..
ပုံရိပ်တွေနဲ့ ရှုပ်ထွေးခဲ့တဲ့ည
အဲဒီညပေါ့….။

အဲဒီညပေါ့…..
သိပံ္ပပညာရှင်တွေတောင်မခန့်မှန်းနိုင်တော့တဲ့
ဖောက်ပြန်သွားတဲ့ ကမ္ဘာကြီးအကြောင်း
ယုံကြည်ချက်ကြောင့်အသက်ပေးသွားတဲ့လူတွေအကြောင်း
ဖောက်ပြန်သွားတဲ့ လူတွေအကြောင်း
လောကနိယာမတွေ သဘာဝတရားအကြောင်း
ကောင်းကင်နဲ့မြေကြီးသဟဇာတမဖြစ်တော့တဲ့အကြာင်း
ဖောက်ပြန်မှု ဗိုင်းရပ်(စ်)တွေ လေထဲပြန့်သွားတဲ့အကြောင်း
ရင်ထဲမှာပူလောင်နာကျင်မှုတွေအခိုးငွေ့အဖြစ်လွင့်ပျံအသွား
လေထဲသို့ခုန်အချ တစ်ဘစာပုံကျအသွား
အာရုံထဲ၌ နက်မှောင်ပြာလင်းသောအရုပ် အရောင် အရိပ်များစွာ
ပုံရိပ်တွေနဲ့ရှုပ်ထွေးနေချိန်ပေါ့ ….။

အို….ဘယ်တတ်နိုင်ပါ့မလဲ လူဖြစ်နေတာကိုး….။


Anonymous

ဆက်လက်ဖတ်ရှုရန် ...

Monday, November 10, 2008

ရင်ထဲက ပဲ့တင်သံ

ဟိုး… အဝေးမြင့်မြင့်မှာ ပျံသန်းတဲ့
စင်ရော် ငှက်တွေကိုမြင်တိုင်း
ငါ့စိတ်ထဲမှာ အမျိုးအမည်မသိတဲ့
ခံစားချက်တွေ တဆစ်ဆစ်ခံစားနေရတယ်…။

လေနှင်ရာလွင့်ခဲ့တဲ့ ကျနော်
ရှုံးနိမ့်မှုတွေ အထပ်ထပ်ထမ်းပိုးရင်း
ကံကြမ္မာရဲ့လှည့်ကွက်အောက်မှာ
ရူးသွပ်ခဲ့တဲ့နေ့တွေဆိုရင် မာယာတုံ့ပြန်မှုတွေတောင်
တကယ့်လောက နိဗ္ဗာန်အမှတ်နဲ့ပေါ့….။

အခုတော့ ….
အေးစက်စက် အပြုံးနဲ့
သဘာဝတရားကြီးကတောင်
လှောင်ပြောင်နေကြပြီလေ….။

အခုချိန်ဆို အမေကျန်းမာပါစ
စိတ်ထဲကပဲ ဆုတောင်းနေရတာ
သားတစ်ကိုယ်ကောင်း ဆန်နေသလားမသိ
အေးမြတဲ့ အမေ့မေတ္တာရိပ်ကို
ဆာလောင်လွန်းလို့ မြည်တမ်းနေတဲ့အသံကို
အမေကို လွမ်းဘူးသူတိုင်း ကြားနိုင်ပါရဲ့…။

အို… အဖ ဘုရားသခင်
မကြံမရာ မတောင်းပါဘူး….
သံသရာကောင်းအောင်တော့….
ငြိမ်းချမ်းတဲ့ ကမ္ဘာသစ်တစ်ခု ပေးသနားတော်မူပါ…။


Anonymous

ဆက်လက်ဖတ်ရှုရန် ...

Monday, October 27, 2008

မနှင်းဆီသို့ လွမ်းသ၀ဏ်

နှင်းဆီကြိုက်တဲ့ ကောင်မလေးရေ
မင်းအတွက် ငါ့နှလုံးသွေးနဲ့ရင်းပြီး
နှင်းဆီတစ်ပင်စိုက်ပျိုးခဲ့တယ်
အခုတော့
ငါစွဲလမ်းတဲ့ နှင်းဆီလေးတစ်ပွင့်
အဝေးမှာ လန်းဆန်းသလား ညှိုးနွမ်းသလား… ငါမသိ…။

တခါတုန်းက ကိုယ့်ကောင်းကင်မှာ
လမင်းလေးတစ်စင်း သာခဲ့ဘူးတယ်
ပျော်ရွှင်မှုတွေ
ပြီးပြည့်စုံခြင်းတွေ
ခွန်အားတွေ
ယုံကြည်မှုတွေနဲ့
ကိုယ့်ကောင်းကင် သိပ်လှခဲ့ဘူးတယ်…။

အခုတော့
အတွေးစိတ်ကူးနဲ့ အလွမ်းတွေရွာချနေတဲ့
တိမ်လိပ်တွေကြား ငါတကိုယ်ရေအထီးကျန်စွာ
နှလုံးသားဒါဏ်ရာနဲ့
ဘ၀ရထားပေါ် ဆက်ကာ လိုက်ပါရအုံးမယ်
ကိုယ်တို့အတွက် ပျော်စရာ ဘူတာရုံလေးတစ်ရုံတော့
ဟောဒီ…မိုးကုတ်စက်ဝိုင်း အနားသပ်မှာရှိရမှာပေါ့…။

P.S (အလွမ်းဆိုတာ မွေးရာပါ မဟုတ်ပေမယ့် အဓိပ္ပါယ်မဲ့ လွမ်းနေမိတယ်…)

Anonymous

ဆက်လက်ဖတ်ရှုရန် ...

Friday, October 17, 2008

စီးမျောခြင်း…

နေပူလိုက်
မိုးရွာလိုက်
ဆီးနှင်းတွေကျလိုက်
အချမ်းကဲ အအေးကဲနဲ့
အင်းလေ… ဒါဝေါမြို့မှ မဟုတ်တာ
ရာသီဥတုတွေပြောင်း
မြင်ကွင်းတွေပြောင်း
နယ်မြေဒေသတွေပြောင်း
ခံစားမှုတွေလည်းပြောင်းပေါ့….။

လူဆိုတာ တခုခုကို ငြီးငွေ့လာရင်
ဆန့်ကျင်ရာကို ရှောင်ပြေးတတ်ကြတယ်
ငါလည်း ဘာကိုငြင်းဆန်ရမှန်းမသိ
တစ်ယောက်တည်း
သတိရမယ့်သူတွေကို သတိရလိုက်
လွမ်းရမယ့်သူတွေကို လွမ်းလိုက်
လှုပ်ဖို့မပြောနဲ့ ငြိမ်ငြိမ်လေးကို မောနေတယ်…။

သိပ္ပံပညာရှင်တွေက ပြောတယ်
ဘယ်တော့မှ မပြောင်းလည်းတဲ့ နိယာမတဲ့
“ အရာရာဟာ အမြဲတမ်းပြောင်းလည်းနေတယ် ” တဲ့
ငါလည်း မသေချာ မရေရာမှုတွေနဲ့
အချင်းချင်း ဟာမိုနီဖြစ်လို့
သူငယ်ချင်းရေ…
မင်းတို့အပေါ်ကို တ၀ုန်းဝုန်းနဲ့ ရွာနေတဲ့ ဝေါမြို့မိုးက
ငါ့ကို မစိုပြန်ဘူး…။


ပြည့်စုံ

ဆက်လက်ဖတ်ရှုရန် ...

Sunday, June 15, 2008

ခြင်နဲ့ ဖြုတ်

နာဂစ်မုန်တိုင်းနဲ့ပတ်သတ်ပြီးကြေကွဲရပါတယ် ထို့ထပ်ပိုဆိုးတာက လူလူချင်း စာနာထောက်ထားမှုမရှိဘူး။ ရလိုမှုတစ်ခုပဲကြည့်တတ်တဲ့ လက်တဆုပ်စာ အာဏာရှင်စစ်ဘီလူးတွေရဲ့ နိုင်လိုမင်းထက်ပြုမူဆံဆက်မှုတွေကို ကျနော်တို့ပြည်သူတွေခံစားနေရပါတယ်။ ထို့ကြောင့် အခြေအနေလေးတွေတိုက်ဆိုင်လို့ ဆရာမောင်သွေးသစ်ရဲ့ ခြင်နဲ့ဖြုတ် (စံပယ်ဖြူ မဂ္ဂဇင်း အမှတ်(၉) စက်တင်ဘာ၊၂၀၀၂ )တွင်ဖော်ပြခဲ့သော ကဗျာကိုကူးယူတင်ပြလိုက်ပါတယ်။


ခြင် နဲ့ဖြုတ်

မင်းတို့ကို

မသတ်လိုဘူး။

ဒို့ဆီက

ထွက်ပျံကြဖို့၊

အလေးအနက်တောင်းဆိုတယ်။

ခြင်ထောင်မဲ့

ခြုံစောင်မဲ့၊ ဒို့ရဲ့ခန္ဓာကိုယ်

နေရာမလပ်၊ လှည့်ပတ်ကိုက်ရင်း

မင်းတို့ သွေးစုတ်နေကြတယ်။

မင်းတို့အားလုံး

စုရုံးပျံသွားကြစမ်းပါ။

တကယ်ဆိုရင်

ဗွက်စိုနွံကြား၊ ရွှံ့ပုတ်ကြားက

မွေးဖွားလာတဲ့ မင်းတို့လို။

ဓနိကျူဝါး

တဲကုပ်ကြားမှာ၊ ကြီးထွားနေတဲ့ ငါတို့ပါ။

ဘ၀တူချင်း

အတန်းစားချင်း၊ ရက်စက်ခြင်းနဲ့

မင်းတို့ ဗိုလ်မကျသင့်ဘူး။

မင်းတို့ဟာ

ဒို့ရဲဘော်ဖြစ်သင့်တယ်။


ဆက်လက်ဖတ်ရှုရန် ...

Wednesday, May 14, 2008

မညီမျှခြင်းများ

ကိုယ့်ဖို့ခက်ခဲ့သလောက်
တချို့များလွယ်လိုက်တာ
လောကကြီး ဘာဖြစ်တယ် ဘာညာပေါ့
မပြောချင်တော့ပါဘူး…။

အို… ဗုဒ္ဓ
တပည့်တော် သူတပါးကို
ခြေထိုးခဲ့ဖူးပါလျှင်
တခါတည်းသာ အပြစ်ပေးပါ
စီးဆင်းရာတွေ ပြောင်းလဲတတ်တဲ့
မြစ်ကျိုးအင်းလိုဘ၀မျိုး
မရောက်ရပါနဲ့…..။

ပြောသမျှနားထောင်, ကျွေးသမျှစားပြီး
သက်တမ်းကုန်မယ့် ဘ၀မျိုး
မရောက်ရပါစေနှင့်….

သူတို့လိုပေါ့
မီးစ တဖက်, ရေမှုတ်တဖက်
တွဲသုံးကြည့်ဖူးတယ်
မရဘူးဗျ
ရေနင်တယ်….။


နေနေ(နို့ဖိုးစခန်း)

ဆက်လက်ဖတ်ရှုရန် ...

Thursday, May 1, 2008

“ မိရိုးဖလာ… ဗလာကဗျာတစ်ပုဒ် ”

ထက်ဇော်

ကောင်းကင်နက်က ကြယ်တွေကြွေစေတယ်…။
တိတ်ဆိတ်ညိုးညံနေတဲ့
ဖြူလွှလွှ တောက်လောင်မှုတွေ…။

အစိမ်းရင့်ရင့် ပွင့်စေတဲ့
နီးဆွေးဆွေး သံလွင်ခက်တွေ….။

အဓိပတိလမ်းဘေးက
အညတရ ကံ့ကော်ကြွေတွေ…။

တေးတစ်ဝက်နဲ့ ခန္ဓာပျက်ခဲ့တဲ့
ထနောင်းပင်ထက်က ချိုးငယ်တွေ…။

မိုးအလင်း ဇာတ်ထုပ်တစ်ခုထဲက
ငုတ်တုတ်မိုးချုပ်ခဲ့ပြီး အိမ်ပြန်မရောက်တဲ့ကဗျာအိုတွေ….။

ဒါဟာ … ဒို့ရေးတဲ့ သမိုင်းလား…..။
ရေးပြီးသား ဖတ်စာတစ်အုပ်လား….။
ဆပ်ရန်လက်ကျန်ရှိ အကြွေးစာရင်းလား….။
……. …….. …….. လား…။
……. …….. …….. လား…။
……. …….. …….. လား…။

“ ဘ၀” ဆိုတာ “ ခဏ” လေးပါကွာဆိုပြီး
“ခဏ” ဆိုတာ “ ဘ၀” ပဲဆိုတာမေ့လျော့
ညတွေထဲမှာ ကြယ်တွေကို
ပလုံစီဂီတတွေ၊ အညှီအဟောက်တွေ
စီးကရက်တွေ၊ မိန်းမပျက်တွေ နဲ့ မြှား

ဒီလိုနဲ့ …..
နေ၀င်ရီတရောမှာ အမှန်တရားနဲ့ လက်ဆွဲနှုတ်ဆက်
ကျော်ဖတ်ရန်နဲ့ မရေးဖြစ်တော့တဲ့ စာမျက်နှာတွေအကြောင်း
ထောင်းနမောင်းထ၊ ဖွာလန်ကြဲဆွေးနွေးပြီး
ကိုယ့်ကိုကိုယ် ပြန်မြည်းနေမိတာ ကြာပေါ့….။

ဟုတ်တယ်…..
ကောင်းကင်နက်က ကြယ်တွေကြွေစေတယ်လို့လေ…..။

(၁.၅.၂၀၀၈)

ဆက်လက်ဖတ်ရှုရန် ...

Tuesday, April 29, 2008

အမေပြုံးနေသည်...


တိုက်ရင်းသေသွားတဲ့ အမေ
ကျနော်တို့ကတော့ အချင်းချင်းဖိုက်ရင်း တွေနေကြတယ်။

အတွင်းအပြင် ကြည်စင်တဲ့ ကိုယ်ကျင့်တရားကြောင့်ရွှန်းပတဲ့အပြုံး
ကျနော်တို့ အရက်ဝိုင်း ကိုယ်ကျင့်တရားဘေးမှာထားေ၀၀ါးဝါး
နိုင်ငံရေး စကားနဲ့ မိုးလင်းခဲ့…။

အမေနားလည်မှုအပြုံးတွေပေးခဲ့ပေမယ့်
သားတို့ မစည်းရုံးခဲ့လို့ နအဖတို့အကြိုက် သန်းရွှေခိုက်ခဲ့တယ်။

သားတို့ လွတ်လပ်ပျော်ရွှင်တဲ့အပြုံး အမေမမြင်လိုက်ရပေမယ့်
အမေ့ရဲ့ နားလည်ခွင့်လွှတ်မှုအပြုံးတွေက ရှင်းသန့်တဲ့ကိုယ်ကျင့်
အရှိန်မြှင့်တိုက်ပွဲအတွက် ပွဲသိမ်းရက်အမြန် ခွန်အားမာန်ပြင်း ရန်ကိုခွင်း….။

joy

ဆက်လက်ဖတ်ရှုရန် ...

Friday, April 11, 2008

တိမ်လိုလူ


ဖျတ်ဖျတ်လူးနေတဲ့ ငါ့ခေါင်းပေါ်က ကြယ်တွေ
ငါ့တစ်ကိုယ်စာပိုင်နက်ထဲများ ခုန်ဆင်းလာလေမလား
ဒုက္ခရောက်တိုင်း ၀ပ်ကျင်းတွေ ရှာဖွေရတာလည်း
မောလှပြီ....

တခါတလေများဆို
ကိုယ့်အရိပ်တွေ ကိုယ့်နောက်လိုက်ရင်တောင်
သိပ်မကြိုက်ချင်တော့ဘူး

ရေအိုးနဲ့ အိပ်ယာ လွန်းထိုးရင်းမိုးလင်းခဲ့တဲ့ညတွေ
ကြာလာရင် ဘာဖြစ်မယ်ဆိုလားဘဲ....
အခုနေများ
“ဒါဝင်” ရှိရင်မေးချင်တယ်
ကျနော် မျောက်ပြန်ဖြစ်အောင်
ဘယ်လောက် စောင့်ရအုံးမလဲလို့......

နေနေ(နို့ဖိုးစခန်း)

ဆက်လက်ဖတ်ရှုရန် ...

Saturday, April 5, 2008

အဆိပ်ပြင်းတဲ့ ရာသီ


အမေနဲ့ စိတ်မဆိုးဘဲ အိမ်နဲ့ဝေးခဲ့တယ်
မိသားစုရဲ့ ဘောာဂဗေဒက
သူလိုငါလိုလောက်တောင် မလောက်ငခဲ့ဘူး။

ရည်းစားနဲ့ စိတ်မကောက်ဘဲ အကြင်နာနဲ့ဝေးခဲ့တယ်
ကျနော်တို့ရဲ့ အနာဂါတ်ကို
ကျနော်ကိုယ်တိုင် ထုဆစ်ချင်ခဲ့တာကိုး …

သူငယ်ချင်းတွေနဲ့ ရန်မဖြစ်ဘဲ နွေးထွေးမှုနဲ့ ဝေးခဲ့တယ်
ဘွဲ့လေးတစ်ခုစီရကြရုံနဲ့ မလုံလောက်ဘူးဆိုတာ အရင်ကမသိခဲ့ဘဲကိုး …

လမ်းထိပ်က ပိတောက်ပင်ကြီးကတော့ ဒီအချိန်ဆို
အလွမ်းတွေ ပွင့်ဖူးနေမှာပါ
သေချာပါတယ်….
(ဝေါသားလေး-ပြည့်စုံ)

သေချာပါတယ်
ရာသီတိုင်းကိုလွမ်းနေရပေမယ့်
ဒီရာသီက အဆိပ်ပြင်းတဲ့ရာသီပါ
ရင်ထဲမှာဖွဲ့တည်နေတဲ့ မျက်ရည်တွေ
မျက်ဝန်းက ဘယ်အချိန်ရွာသွန်းမလဲပဲ
တပ်မက်မှုအပြည့်နဲ့ ရထား
ကိုယ့်ဘူတာ ကိုယ်ဆိုက်နိုင်အောင်
မီးစာကုန် ဆီမခမ်းဖို့ကို
သတိနဲ့ အသိနဲ့….။

နေနေ(နို့ဖိုးစခန်း)

ဆက်လက်ဖတ်ရှုရန် ...

Wednesday, April 2, 2008

ဖြေရှင်းချက်

ခင်မင်းဇော် said...
ပြည့်စုံရေ
နေနေ(နို့ဖိုးစခန်း)ဆိုတော့ ခေတ်ပြိုင်မှာ ကဗျာတွေ အက်ဆေးတွေ ရေးနေကျ နေနေထင်လို့ သွားမေးကြည့်တော့ မဟုတ်ဘူးတဲ့။ အဲဒီနေနေက အခုမစ္ဇျိမ က နေသွင်ပေါ့။ အရင် မိုးကြိုးက။ ဒီလို နာမည်ဆင်တူနေတာတော့ မကောင်းသေးဘူး ထင်ပါတယ်။ သူ့ဘလော့လဲ ရှိတယ်။့ http://naythwin.blogspot.com ကဗျာရပ်ဝန်းဘလော့မှာတောင် နောက်ဆုံးကဗျာတပုဒ် တင်ထားသေးတယ်လေ။ ကလောင်နာမည်ရွေးချယ်မှုက အရေးကြီးတယ်ထင်ပါတယ်။
April 1, 2008 3:06 AM

မခင်မင်းဇော် ….
လူတူမရှား နံမည်တူမရှားဆိုတဲ့ စကားရှိပေမယ့်။ “ ကလောင်နံမည်” ရွေးချယ်မှုအရေးကြီးတယ်ဆိုတဲ့ မခင်မင်းဇော်အကြံပြုချက်ကို ကျေးဇူးတင်ပါတယ်။

ဒါပေမယ့် ကျနော့်ဘလော့ဂ်မှာတင်ထားတဲ့ နေနေ(နို့ဖိုးစခန်း)ဆိုတဲ့ကလောင်နဲ့ နေနေ နဲ့တော့ အလွယ်တကူခွဲနိုင်ဖို့ကောင်းပါတယ်။ ကလောင်နာမည်နောက်မှာပါတဲ့ အထူးပြုကို အလကားသက်သက်ထည့်ထားတာမဟုတ်ပါဘူး၊ အဲဒီလို ၀ိဝါဒတွေကို ရှောင်ရှားဖို့ထည့်ထားတာလို့ထင်ပါတယ်။
ကျနော်တို့မြန်မာစာပေသမိုင်းမှာလည်း အများကြီးရှိပါတယ်။ ဆရာကြီးမြမျိုးလွင်တို့ခေတ်၊ ပဲတန်ဝတ္တုတိုခေတ်တွေမှာကိုရှိခဲ့ပါတယ်။ အခုလက်ရှိခေတ်ပြိုင်တွေထဲမှာလည်း အများကြီးရှိပါတယ်။ ၀င်းဖေ၊ ၀င်းဖေ(မုံရွာ)၊ ညိုမင်းလွင်၊ ညိုမင်းလွင်(မြန်မာမြေ) စတဲ့ကလောင်တွေပါ။ စာရေးဆရာ ဒါရိုက်တာဝင်းဖေဟာ ကဗျာဆရာမုံရွာ ၀င်းဖေမဟုတ်မှန်း မြန်မာစာဖတ်ပရိတ်သတ်သိသလို အခုဒါရိုက်တာ အူကြောင်ကြား ညိုမင်းလွင်ဆိုတာ ရုပ်ရှင်မင်းသား ၀င်းဦး(ညိုမင်းလွင်)ဒါမှမဟုတ် ကဗျာဆရာ စိုးအောင်သစ်(ညိုမင်းလွင်-မြန်မာမြေ)မဟုတ်မှန်းလည်း သိကြပါတယ်။ စာရေးဆရာမသန်းမြင့်အောင်နဲ့ ပန်းချီဆရာသန်းမြင့်အောင်တို့ဆို လိင်ဘဲကွဲတယ် နာမည်ကတော့အတူတူပါပဲ။

လေးစားစွာဖြင့်
ပြည့်စုံ(ဝေါသားလေး)

ဆက်လက်ဖတ်ရှုရန် ...

Wednesday, March 26, 2008

ပန်းနုရောင် “99”


ကျနော်ငယ်ငယ်က
အင်မတန်မှ မြတ်နိုးခဲ့တဲ့
ကောင်မလေး တစ်ယောက်ရှိတယ်ဗျ
မနေ့ကပေါ့
ပန်းနုရောင်“99”ဆီကျနော်ပြန်ရောက်သွားတယ်..။

အဲဒီတုန်းက
သိပ္ပံပစ္စည်းတွေများများတင်ထားတဲ့
သူမရဲ့အလှကို
သိပ်မကြိုက်တတ်ခဲ့ပေမယ့် (ကျနော်လူပျိုပေါက်ကတည်းကပါ)
သူမရဲ့ ခပ်မှေးမှေး မျက်ဝန်းတစုံက
အဖမ်းစားဆုံးပါ
(ကျနော်ပြောနေကျပေါ့)
ခင်ဗျားယုံမလားမသိဘူး
ကျနော်အခုထိ လွမ်းလို့ကောင်းနေတုန်း(အဲဒီမျက်ဝန်းကို)
ကမ္ဘာဦးစကတည်းက စခဲ့တာပဲပြောပြော
ကျနော့်အတွက်တော့ “ 99”မှ စခဲ့တာပါ
သြော် … ပြောရအုံးမယ်
ကျနော်အတ္တများများသွတ်ထားတဲ့
ပေါင်မုန့်ကိုစားမိရင်းက
“ဒါလေး” နဲ့ဝေးနေခဲ့တာပါ……။

နေနေ(နို့ဖိုးစခန်း)

ဆက်လက်ဖတ်ရှုရန် ...

Tuesday, March 25, 2008

ရိုးသားစွာဖြင့်


ကောင်မလေးရေ...
ခပ်ပါးပါးတံတိုင်း တစ်ဖက်ဆီမှာ
ငါတို့ရဲ့ ရင်ခုန်သံတွေ ဘယ်လောက်ထိအောင်
တုန်ခါမြင့်မားခဲ့ပါသလဲ...။


ကောင်မလေးရေ....
ငါ့ရဲ့အဖြစ်က
ဆူးပေါ်ဖက်ကျလည်း ဆူးကျိုး
ဖက်ပေါ်ဆူးကျလည်း ဆူးကျိုးနဲ့
လွမ်းတတ်တဲ့ကောင်ဟာ
အခါခါနာကျင်ခဲ့ပေါ့...

ကောင်မလေးရေ...
လူပြောသူပြောများတဲ့ လမင်းကို
တို့နှစ်ယောက်အတူ မငေးခဲ့ဖူးဘူး..
ကြယ်တွေအကြွေမှာ
ပြန်ဆုံအောင်လည်း မဆုတောင်းဖူးဘူးနော်...

ကောင်မလေးရေ....
ငါကတော့ အရိုးသားဆုံး
ကျင့်ကြံခဲ့ပြီးပြီ
အခုလိုဝေးနေတဲ့အချိန်မှာတောင်
ငါဆေးလိပ်မသောက်တာ သိရင်
ပျော်နေမလားပဲ....။

နေနေ(နို့ဖိုးစခန်း)
မှတ်ချက်- Darlay အတွက်သာ

ဆက်လက်ဖတ်ရှုရန် ...

Thursday, March 20, 2008

အလွမ်းတွေ ပွင့်ဖူးခြင်း


တောင်ပေါ်မြို့လေးနဲ့
ငါသိပ်ချစ်တဲ့ သူတွေ
ဆက်သွယ်မှုကွန်ယက်ပေါ်ကျန်ရစ်ခဲ့တယ်...။

သစ်ခွပွင့်ချိန် သစ်ခွပန်းတွေ ဝေဆာစွာနဲ့ပွင့်ကြရဲ့လား
လမ်းထိပ်က ပိတောက်ပင်ကြီးကတော့
လွမ်းမောစွာ သတိရခြင်းတွေ တနင့်တထမ်းနဲ့
သင်္ကြန်းမိုးကိုမျှော်နေလေရဲ့...။

နွေဦးသင်္ကေတဖြစ်တဲ့ ဥသြလေးက
အလွမ်းသံစဉ်ကို သီကျူးလို့
ကုန်လွန်ခဲ့တဲ့ ရာစုနှစ်တွေဆီ လွမ်းနေမိတယ်...။

နယ်စပ်တောင်တန်းကြီးကိုမျှော်ငေးလို့
တို့တွေဘယ်တော့ပြန်ဆုံကြမလဲ
မြူခိုးတွေက
တတောင်လုံး အုံ့ဆိုင်းလို့
သံစဉ်ထဲက ပိတောက်ကတော့
တုန်တုန်ရီရီနဲ့ အချိန်မတန်ခင် ဝေဆာနေခဲ့ပေါ့..။

သတိရတယ်....
ရာသီဥတုဆိုးသွမ်းခဲ့တဲ့
အတိတ်နေ့ရက်တွေဆီ.....။

ပြည့်စုံ

ဆက်လက်ဖတ်ရှုရန် ...

Tuesday, March 11, 2008

တိတ်တဆိတ်ည ရင်ခုန်သံ


ဒီညမျိုးမှာ လရောင်ဖွေးဖွေး ကြယ်ရောင်အေးအေးနဲ့
လှပတဲ့ ညမျိုးဖြစ်သင့်တယ်
ရာသီစက်ဝန်းက ဆောင်းအကုန်နွေအကူး
လေရူးတွေက ငြိမ်သက်လို့
အိမ်ပြန်ချိန်မှာတေးမသီနိုင်ခဲ့
အချိန်တန်အိမ်ပြန်ရမယ်
ကျေးငှက်တွေ အိပ်တန်းတက်ကုန်ပြီ
ရင်ထဲတောင်ပဲခတ်သံ တိုးတိတ်ခဲ့
မှောင်ရီဝိုးတ၀ါး လေဟာနယ်လွင်ပြင်မှာ
ငါတစ်ယောက်တည်း အထီးကျန်
အမေ့ကို အကြိမ်ကြိမ်သတိရလို့
အလွမ်းတေးကိုပဲ မိတ်ဖွဲ့ရင်း
သူငယ်ချင်းတွေရဲ့ အတွေးလှလှကဗျာတွေကိုလွမ်းတယ်...။

အေးစက်စက်အမှောင်ရင်ခွင်ထဲ
ညဟာ စိတ်ပျက်လက်ပျက် အိပ်မောကျနေရဲ့
ရင်ထဲမှာ မခံစားရအောင်နေရတာ
ခံစားနေရတာထက်ပိုဆိုးပါလား......။

ဒီကဗျာလေးဖြင့် သူငယ်ချင်းအားလုံးကို နှုတ်ဆက်ခဲ့ပါတယ်.. ခရီးတခုထွက်ရမှာမို့... ပြန်လည်ဆုံဆည်းကြအုံးမှာပါ.... နေ့သစ်တွေလှပဝေဆာလန်းဆန်းနိုင်ကြပါစေ...


ပြည့်စုံ

ဆက်လက်ဖတ်ရှုရန် ...

Monday, March 10, 2008

ဆန္ဒ

ဘုရားသခင်ဟာ
အရာရာကိုဖန်ဆင်းခဲ့တာ မှန်ရင်...။

စစ်ပွဲကြီးတွေ
ပြည်တွင်းစစ်တွေ
မုသာဝါဒ ကျူးလွန်သူတွေ
ဖိနှိပ်မှုတွေ
အဓမ္မတွေ
ဖက်ဆစ်ဝါဒတွေ
စစ်မိစ္ဆာ စစ်ဘီလူးတွေနှင့်
အာဏာရူးတွေကို
ဘယ်သူဖန်းဆင်းခဲ့တာလဲ။

အို....
အချင်းစာတန်
သင်တော့... နာမည်ပိုပျက်ပြီ။
(မကောင်းတာမှန်သမျှ
စာတန်ဖန်တီးတာ... လို့ ပြောကြလိမ့်မယ်)

ဆိုးရွားတာမှန်သမျှ
နတ်မိစ္ဆာက ဖန်းတီးတာလို့ယူဆကြလိမ့်မယ်။
ကောင်းမြတ်တာမှန်သမျှ
ဘုရားသခင်ရဲ့
ကိုယ်ပိုင်ပစ္စည်းလို့တွေးဆကြတော့မယ်။

အို...
ဘုရားသခင်
အရာရာကို ထာဝရဘုရားက
ဖန်ဆင်းခဲ့တာမှန်လျှင်.....
ဖက်ဆစ်ဝါဒ စစ်မိစ္ဆာ စစ်ဘီးလူးတွေနှင့်
အာဏာရူးတွေကို
မဖန်ဆင်းမိပါစေနှင့်....
ဖန်ဆင်းခဲ့သော နတ်မိစ္ဆာရှိခဲ့ရင်
၎င်းနတ်မိစ္ဆာတွေကို
အပြစ်ပေးတော်မူပါ။


ကျနော် ကဗျာရေးဖို့ စိတ်ကူးမပေါ်တာနဲ့ မောင်လှမျိုး(ချင်းချောင်းခြံ) မမနတ်သမီး -ကဗျာကို ဖတ်ရင်းက စိတ်ထဲရှိတာကို ကိုးကားဖော်ပြလိုက်ခြင်းဖြစ်ပါသည်။ ကျနော်ဟာကဗျာချစ်သူ တယောက်အနေနဲ့ရေးထားပြီးသားကို ဖျက်ပစ်ရမှာ နမျောလွန်း၍ ဖော်ပြလိုက်ခြင်းဖြစ်ပါ သည်။ ထို့ကြောင့်သီးခံ၍ခံစားပေးကြပါ။ မိတ်ဆွေ သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါသည်။

ပြည့်စုံ


ဆက်လက်ဖတ်ရှုရန် ...

Friday, March 7, 2008

ဒီနေ့


အမေ....
ကြည့်ရင်မြင်နိုင်ပေမယ့်...
ကြည့်လို့မှမမြင်နိုင်အောင်ဝေးနေခဲ့ကြတယ်...
ဒီနေ့ပေါ့...
နွေဦးရဲ့ ပူလောင်မှုတွေကြားထဲကနေ
အမေသားကို လောကထဲအရောက်ပို့ခဲ့တယ်

ဒီနေ့ပေါ့...
သား သတိတွေရနေတာ
မြောက်ပြန်လေပွေထဲမှာ ပိတ်မိနေတဲ့
လေညှင်းလေးတွေနဲ့ အတူပေါ့...။

ဒီနေ့ပေါ့....
လေရူးက နွေဦးရွက်ကြွေကိုတွန်းထုတ်
အဝေးကျောင်းက ခေါင်းလောင်းသံတွေကို စုတ်ယူသွားခဲ့တယ်။
အမေ...
မသိမ်းပိုက်သူသာအောင်နိုင်၏လို့ အဆိုကြားဘူးတယ်
သားဘာမှမသိမ်းပိုက်ရသေးဘူး..
ဒါပေမယ့် သား မအောင်နိုင်သေးဘူးနော်...

ဒီနေ့ပေါ့...
သားရင်ထဲ စမ်းချောင်းလေးတွေစီးဆင်းခဲ့တယ်
အမေ့ကိုအသိမပေးမိ
သားတကိုယ်ကောင်းဆန်ခဲ့မိတယ်...။

ဒီကဗျာလေးက ကျနော်၏ အစ်ကိုလိုချစ်ခင်ရသူ မတ်လ(၆)ရက်နေ့ကျရောက်တဲ့-ကိုဖုန်း(ZHC)ရဲ့ (၂၉)နှစ်ပြည့်မွေးနေ့အမှတ်တရအတွက်ရေးစပ်ခဲ့ခြင်းဖြစ်တယ်... ကိုဖုန်းရေ.. ကျနော့်ကိုနားလည်ပေးပါ.. အချိန်မီမပေးပို့နိုင်တာကို မတ်လ(၆)နေ့တွင်ကျရောက်သော မွေးနေ့မှသည် နောင်နှစ်ပေါင်း ၁၂၀ ကျော်အောင် နေ့သစ်တွေတိုင်းမှာလှပပြီး လိုအင်ဆန္ဒတွေထာဝရပြီးပြည့်စုံပါစေဗျာ...။

ညီငယ် ပြည့်စုံ

ဆက်လက်ဖတ်ရှုရန် ...

Thursday, March 6, 2008

သူစိမ်းကောင်းကင်


ကမောက်ကမနဲ့ နိုးတဲ့မနက်
ကျနော်အင်မတန်ချစ်တဲ့ အာရုဏ်ဦးက နှုတ်ဆက်မသွားဘူး
ညတုန်းကတော့
မာစီဒီး စီးမဲ့ကောင်နဲ့
ဖလော်ရီဒါမှာ လှိုင်းစီးချင်ရတာနဲ့
သြစတြေးလျမှာ ငါးမျှားမဲ့လူနဲ့
အိမ်ဖြူတော်ကို ဆေးရောင်ပြောင်းသုတ်မဲ့ကောင်နဲ့
စုံလို့ပေါ့

မူးယစ်လာတဲ့အခါ
အလိုမတူတာတွေ ပေါက်ကွဲကြတာကလွဲရင်
ကျနော်တို့လိမ္မာကြပါတယ်
အမေ
ဘောက်ခတ်ထားတဲ့ သူများကောင်းကင်အောက်မှာ
ခေါင်းငုံ့ပြီးလမ်းလျှောက်နေရပေမဲ့
တကယ်တော့ ကိုယ့်ကောင်းကင်မှာပဲ
လွတ်လပ်စွာ လှော်ခတ်ချင်ခဲ့တာပါ
အမေ
ကျနော်လေ အမှန်တရားတွေမျိုချ
အနာဂတ်ဆိုတာမရှိခဲ့ရင်
(မသေရခဲ့တော့ ခုတော့ဖြင့် အကြိမ်ကြိမ်သေခဲ့ရပေါ့)
အမေ
ကျနော်လေ ကိုယ့်ကျော ကိုယ်သပ်ပြီး
အမောဖြေခဲ့ရတဲ့နေ့တွေ မနည်းတော့ဘူး..။

နေနေ(နို့ဖိုးစခန်း)

ဆက်လက်ဖတ်ရှုရန် ...

Tuesday, March 4, 2008

လွတ်ကျသွားတဲ့ အသံ


အိပ်မက် ...
မျှော်လင့်ချက်တွေနဲ့ အိပ်မက်
ငါ မက်ခဲ့တယ်
အာရုဏ်မှာ ငါနိုးလာတော့
ပင်ပန်းနွမ်းနယ်စွာ အိုစာခဲ့ရတယ်။

ဝေးနေကြတယ်
ဝေးနေကြတာ တနေ့နေ့ပြန်ဆုံရမယ်လို့
မျှော်လင့်ချက်တွေနဲ့ပေါ့
ငါကလည်း သူ့ကိုခင်တယ်
သူကလည်း ငါ့ကိုခင်တယ်
အိုက်စပ်စပ် လေထုထဲ
အိုက်စပ်စပ် နေ့ရက်တွေထဲ
ဥသြ အမှတ်အသားနဲ့ ရာသီမှာ
ငါ့ရဲ့အဖြစ် တိုက်ဆိုင်သွားခဲ့
အခုတော့
လတ်လတ်ဆတ်ဆတ်ကို ဝေးခဲ့ရတယ်။

မင်းရဲ့ အရိပ်လေး
ဖြတ်လျှောက်သွားတာမြင်လိုက်တယ်
ဒါပေမယ့် မင်းမဟုတ်ဘူး
ငါ ငေးကြည့်နေရင်း
ငါ့မျက်လုံးတွေေ၀၀ါးလာခဲ့တယ်
မေမေရယ်
ငယ်ငယ်က ပုံပြင်တစ်ပုဒ်လောက်
သားကိုပြန်ပြောပြပါ
သား အငိုတိတ်ချင်လို့ပါ....။

လူတိုင်းလူတိုင်းမှာ ခံစားချက်ကိုယ်စီ အလွမ်းကိုယ်စီနဲ့ရှိကြပါတယ်။ အလွမ်းဓါတ်ခံရှိသူတွေ အတွက်ပူလောင်ခြောက်သွေ့တဲ့နွေရာသီဆိုတာ ခံစားချက်တွေကို နှိုးဆွပေးနေတဲ့ရာသီ ပဲမဟုတ်လား။ သေချာပါတယ် လူ့ဘ၀ဆိုတာ လမင်းကြီးလိုပဲနေမှာပါ တခါတရံမှာ အေးမြခြင်းတွေနဲ့အတူ မှောင်မိုက်နေတဲ့လောကကြီးကို အလင်းရောင်တွေပေးပြီး ပြည့်ပြည့်၀၀ကိုထွန်းလင်းသာနေခဲ့တယ်။ တခါတရံမှာတော့ မှောင်မိုက်စွာတိတ်ဆိတ်ကွယ်ပျောက် နေခဲ့တယ်။

ကဗျာလေးကတော့ကျနော့်ရဲ့ တဖက်သတ်ခံစားချက်ပါ ကျနော့်မှာ သူငယ်ချင်းတယောက်ရှိခဲ့ဘူးပါတယ်.. ကျနော်တို့က တယောက်တနေရာဆီမှာပါ။ ကျနော့်ရဲ့ မျှော်လင့်ချက်ကဘာလည်းဆိုတော့ ဝေးနေကြတာ တနေ့နေ့ပြန်ဆုံတွေ့ရမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့ အတူတူရှိနေတာ ခွဲခွာခြင်း အဖြစ် အချိန်မရွေးပြောင်းသွားနိုင်တယ်ဆိုပြီးတော့ပါ။ အဲဒီလိုနဲ့ပဲ ကျနော်အမြဲကြိုနေခဲ့တဲ့ နွေဦးမှာ အကြောင်းတိုက်ဆိုင်စွာ ကျနော်တို့တွေဟာ ဝေးနေရာကနေ ပိုဝေးသွားခဲ့ကြတာပေါ့ ဥသြလေးတောင် တွန်သံအရင်လိုမချိုမြိန်တော့ဘူး။ အလွမ်းတွေနဲ့အတူ ရင်ကွဲသံတွေထပ်ထပ်နေတယ်။ အတိတ်တွေ ချိုမြိန်ခဲ့ပေမယ့် ခါးသက်သက်နေ့ရက်တွေကို ပူလောင်အိုက်စပ်စွာ ဖြတ်သန်းရတော့မှာပေါ့။

ကဗျာလေးနဲ့အတူ နှင်းဆီပန်းပုံတင်ထားတာက ကျနော်ဖတ်ဘူးသော လက်ဆောင်နှင့်အဓိပ္ပါယ်ဆိုတဲ့ စာအုပ်ထဲက ချစ်သူနှစ်ဦး စိတ်ကောက် စိတ်ဆိုးရင် ပြေလည်အောင်ချော့လိုသည့်အခါ ယောင်္ကျားလေးက မိန်းလေးကို နှင်းဆီပန်းစည်း(သို့) ပန်းပွင့်ပေးရမယ်တဲ့၊ မိန်းခလေးက ယောင်္ကျားလေးကို သီချင်းဓါတ်ပြားအယ်လ်ဘမ် လက်ဆောင်ပေးရမယ်ဆိုလို့ အမှတ်တရအဖြစ်နဲ့ပါ တကယ်က ကျနော်တို့တွေ ဖြူစင်စွာရင်းနှီးခဲ့ကြသော ဖြူစင်သောသူငယ်ချင်းတွေပါ။

ပြည့်စုံ

ဆက်လက်ဖတ်ရှုရန် ...

Friday, February 29, 2008

ချယ်ရီမြို့


ပိတောက်နဲ့ ချယ်ရီမဟုတ်ပေမဲ့
တယောက်တနယ်ဆီ
တစ်တောလုံး ဝေနေတာတောင်
ငါ့ရင်ထဲ တတောင်လုံးမှိုင်းလို့
မြူနှင်းတွေကြောင့်လား
ငွေနှင်းမှုန်တွေကြောင့်လား
ရာသီဥတုကြောင့်လား
သေချာပါတယ်….
ငါအရမ်းသတိရနေတယ်
ချယ်ရီ……

ချယ်ရီ နင်ငိုနေတယ်
ချယ်ရီရယ် ငါစွန့်ခွာခဲ့တာမဟုတ်
အနာဂတ်အတွက်ငါ ခဏဝေးနေခဲ့ပါတာ
သေချာပါတယ်….
ဒီအချိန် မြက်ခင်းပြင်အပြည့် နင်ကြွေနေပြီ
ငါ သတိရတယ်
ကြွေနေတဲ့ နင့်ရင်ခွင်ထက်
ငါမှေးစက်ခဲ့ဘူးတယ်
ဂီတနဲ့ ဖြေသိမ့်မရ
သံစဉ်နဲ့ ဖော်ကျူးလို့မရ
ကဗျာနဲ့ပဲ ငါငိုကြွေးပါရစေ….။

ပြည့်စုံ

သည်ကဗျာသည် ကျနော်တခါမှမရောက်ဘူးသော လွမ်းမောဖွယ်ရာ မောရှမ်းပြည်ကို ချယ်ရီပန်းဖြင့် စိတ်ကူးပုံဖော်ထားပါသည် အဘယ်ကြောင်ဆိုသော် ကျနော့်သူငယ်ချင်းဖြစ်သူ ZHC သူကအခုစင်္ကာပူမှာကျောင်းတက်နေတယ် သူငယ်ချင်းက သူအရမ်းသတိရတဲ့ သူ့ဇာတိဖြစ်တဲ့ ရှမ်းပြည်အတွက် ကဗျာတပုဒ်စပ်ဆိုပေးပါဆိုလို့.. ကျနော်လည်း မအားလပ်တဲ့ကြားက မရောက်ဘူးသော ဒေသအကြောင်းကို စပ်ဆိုပေးရတဲ့အတွက် အမှားအယွင်း အလွဲအချော် ဖြစ်ကောင်းဖြစ်လိမ့်မည် ဒါပေမယ့် ဖြည့်ပြီးခံစားပေးပါ…. ဘာဖြစ်လို့လည်းဆိုတော့ သူအရမ်းခံစားနေရတယ်… ချယ်ရီပင်နဲ့ဝေး… တောင်ပြာတန်းနဲ့ဝေး အားလုံးရဲ့အဝေးမှာ ……. သူ့လိုပဲ ဖြေသိမ့်မရ ဝေဒနာတွေအားလုံးမှာ ကိုယ်စီကိုယ်စီရှိကြမယ်ဆိုတာ… ကျနော်နားလည်ပါတယ်.. ကျနော်လည်းထို့အတူ ထပ်တူခံစားရတယ်…
စာဖတ်သူ သူငယ်ချင်းမိတ်ဆွေများလည်း ခံစားရမယ်ဆိုရင် ကျနော်သိခွင့်ရှိမလား…. ထပ်တူလား….. သို့မဟုတ်… ထို့ထက်ပိုလား…. သို့မဟုတ်……..

ဆက်လက်ဖတ်ရှုရန် ...

Wednesday, February 27, 2008

မဲဆောက်မှာ မိုးတွေရွာတုန်းက


သက်ဆင်ရဲ့
အိမ်ပြန်ခရီးကိုကြိုဆိုခြင်းလား
ဖောက်ပြန်တဲ့ ရာသီဥတုကြောင့်လား
မုန်တိုင်းဝင်လို့လား
သင်္ကြန်အကြိုလား
တဒင်္ဂအေးချမ်းသွားတယ်
ရိုးတံကျဲကျဲနဲ့
ရွက်ကြွေကင်းစင်
ဟင်းလင်းပြင်ဖြစ်နေတဲ့
ပတ်ဝန်းကျင်ကတော့
နိုးထလာမယ့်နွေဦးနဲ့အတူ
ပုရစ်ဖူးသစ်တွေ
ဖူးပွင့်လို့ဝေဆာလာတော့မယ်။

အော်သံရိုင်းရိုင်း မုန်တိုင်းတွေ
တချိန်တည်းမှာ ဆင့်ပွားဆင့်ပွား
အချိန်အခါမဟုတ် ရွာသွန်း
ရွှေခေတ်ရောက်ပြီဆိုတဲ့
မြန်မာပြည်ကတော့
မီးခိုးမှိုင်းတွေနဲ့
နွေဦးကို ကြိုဆို
ပြောင်းလဲနေတဲ့ ရေစီးကြောင်းထဲ
လိုက်ပါနိုင်ခြင်းမရှိ
နစ်သထက်နစ်။

တစ်ဖက်က
ကုလားထိုင်ပေါ်မှာ
တစ်ဖက်ကတော့
အဓမ္မဆုံးဖြတ်ချက်တွေကြောင့်
ငတ်ပြတ်မှုတွေနဲ့
မြေပြင်ပေါ်ရပ်လို့
ကွန်စတီကျူးရှင်း
မှန်နေလား မှားနေလားမသိ
ပြည်သူတွေကတော့
တဂြီဂြီ မြည်နေတဲ့ အစာအိမ်
ချွတ်ယွင်းနေတဲ့ ကျန်းမာရေး
ရောဂါဗရပွနဲ့ ဆေးမရှိဘူး။

ခံစားနေရတာချင်း အတူတူ
ကောင်းကင်ကြီးကတော့
လွတ်လွတ်လပ်လပ် ရွာသွန်းနေလေရဲ့။

ပြည့်စုံ

ဆက်လက်ဖတ်ရှုရန် ...

Tuesday, February 26, 2008

နွေဦးအိပ်မက်


ဝဿန်ကတော့ စုံးစုံးမြုပ်သွားပြီ
မြောက်ပြန်လေ သွေးတဲ့
မြူနှင်းမှုန်ပြပြ တစ တစနဲ့
ဝေနေရာက ပိပြားလာတယ်..
လတ်ဆတ်တဲ့ နွေဦးကတော့
စိမ်းလန်းခြင်းတွေယူဆောင်မလာခဲ့ပါ..။

တွန်သံချိုတဲ့ ရွှေသြကတော့
ရိုးတံပြိုင်းပြိုင်း ပင်အိုယံထက်
နွေအကြိုတေးကို
လွမ်းချင်းတွေနဲ့ သီကျူး
ဝေးနေလည်း မျှော်လင့်ရင်း
အကျည်းတန်စွာနဲ့
အထီးကျန်ရာသီကို ကြိုနေလေရဲ့...။

ကောသလမင်းရဲ့ နိမိတ်ပုံ
အိပ်မက်တွေကြောင့်လား....
သေခါနီး လူပြောခံရအောင် လုပ်နေတဲ့
အဖြစ်အပျက်တွေကြောင့်လား...
ပါးစပ်ပေါက်ကြီးထဲက ထွက်တဲ့
အသံမျိုးစုံကြောင့်လား...
ကာရန်မညီတဲ့ စွန်းထင်းမှုတွေနဲ့
အလွမ်းတွေ တစစီကြွေမွ
ကြယ်ရောင်နဲ့ဝေး
လရောင်နဲ့ ဝေး .... ..... ဝေးသွား
မှောင်ရီဝိုးတ၀ါးမှာ
နွေဦးအတွက် အိပ်မက်တွေရက်ရှည်ခဲ့ပေါ့....။


ပြည့်စုံ

ဆက်လက်ဖတ်ရှုရန် ...

Wednesday, February 20, 2008

အခန်းဆက် “ နွေ ”


ရာသီအမှီပန်းတွေဟာ
ဘာ့ကြောင့်မပွင့်နိုင်ခဲ့ရတာလဲ..။
လောကကြီးဟာ ရာသီဥတုဖောက်ပြန်ခြင်းလား၊
ခလုပ်တိုက်ခြင်းလား ခလုပ်တိုက်ဖိခြင်းလား၊
လောကကြီးက လှပါတယ်
အလှမဲ့နေရတာ လူတချို့ကြောင့်ပါ..။

မြေကြီးပေါ်မှာ
ရွှေသီးဖို့ အားမထုတ်ဘူး
ဗွက်ပေါက်အောင်ရေလောင်းချင်သူတွေ။
ရိုးသားဖြောင့်မတ်ခြင်းတွေ
စေတနာချို့ငဲ့တော့
တဖွဖွပြောနေကြတဲ့
တရားမျှတမှု
လွတ်လပ်မှုတွေ
ဘယ်အရပ်
ဘယ်ဒေသကိုရောက်ကုန်သည်မသိ...။

ဘာကိုမှ
ဘယ်လိုမှ
ကျေနပ်စရာမကောင်းတဲ့
ဖားအော်သံတွေကြားမှာ ...

ဘာကိုမှ
ဘယ်လိုမှ
အေးချမ်းစရာမကောင်းတဲ့
မြက်ခြောက်ပင်တွေကြားမှာ....

ဘယ်မှာလည်း နေခြည်ဖြာမယ့်လမ်း
ဘ၀ဟာ ရေတိမ်နစ်
အသားလွတ် ဖေါင်းပေးခံရ
အသားလွတ် လူချခံခဲ့ရ
ယုံကြည်ချက်တွေကို နာကြည်းမှုတွေနဲ့ မျိုသိပ်ခဲ့ရ။

သန်း(၅၀)ကျော်အတွက်ဆိုပြီး
အနာဂါတ်ဆိုတာ မရှိ
ရည်မှန်းချက်ဆိုတာ ရေမျောကမ်းတင်
တုံးအောက်က ဖားချင်းအတူတူ
သူ့ကြတော့ ဖောင်း
ကိုယ့်ကြတော့ ပြား
ပြားတဲ့သူပေါ် အနိုင်ယူချင်သူတွေ...

ကိုယ်ပွားတွေများရှိနေမလားမသိ
မမြင်ချင်တဲ့ မျက်နှာတွေကို
မကြည့်ချင်လို့ အခါခါလွှဲခါမှ
မျက်နှာမူရာ အရပ်တိုင်းမှာ
အဲဒီမျက်နှာတွေ။

ကျွမ်းဝင်နေရတဲ့ဝန်းကျင်
မှားယွင်းလွဲချော်ခဲ့တော့
မျှော်လင့်ချက်တွေ မည်း
စိတ်တွေ မော
အိပ်မက်တွေ ခါး
ခံစားမှုတွေ ပူ
အတွေးတွေ ရိုင်း
ဦးနှောက်တွေ ပျက်
အော်....
ရောမမြို့ကို ဖျက်ဆီးတာ
ရောမမြို့သူမြို့သားတွေ ဆိုပဲ..။

ဆောင်းအလွန်မှာ ဘာလုပ်မှာလည်း
စဉ်းစားထားတာမရှိ
စည်းတား ထားတာတော့ရှိတယ်...။
နွေဦးရေ...
အသံထက်မြန်တဲ့ ဒုက္ခတွေနဲ့
ငါ ကြိုဆိုချင်ဘူး
ငါ မလွမ်းချင်ဘူး...။

ပြည့်စုံ

ဆက်လက်ဖတ်ရှုရန် ...

Saturday, February 2, 2008

မဲဆောက်(သို့မဟုတ်) ထိုင်းနိုင်ငံရောက်ရွာသားမျက်စေ့

ဘ၀လှိုင်းတံပိုးတွေကြားထဲကမြို့
အလိမ်အခေါက်များတဲ့မြို့
မျှော်လင့်ချက်တွေ အရိုက်ချိုးခံခဲ့ရတဲ့မြို့
ဘ၀တခုလုံး စုံးစုံးမြုပ်ခဲ့ရတဲ့မြို့
နောင်တတွေ တသီကြီးနဲ့မြို့
ဘ၀အမောတွေထဲကမြို့
.... .... ..... ..... .... ။

ရှင်သန်လာခဲ့
အိပ်မက်တွေနဲ့အတူ
ကမ္ဘာကြီးကကြိုလင့်စောင့်နေ
တောက်ပတဲ့ နေ့သစ်တွေဆီ
သံသရာ အငြိုးတွေကြောင့်လား
လမ်းတ၀က်မှာ ပျောက်ရှသွားခဲ့
တောမောင်းရဲ့ ဆိုက်အကြည့်မှာ
“ ဆ၀ါဒီ ခပ်” မှာအားနည်းသွားခဲ့ကြ..။

လျှပ်စစ်မီး
ပြည်တွင်းစစ်မီး
သောကအပူမီး
မြေကမမျို လူလူအချင်းချင်းသာမျို
အသွေးအသားကို ပြန်ရောင်းတဲ့အထိ..။
ဘ၀တစ်ခုလုံး စုတ်ပြတ်သပ်သွားအောင်
မိုက်မဲတယ်လို့ဘဲ ပြောပြော
ပတ်ဝန်ကျင် တံတွေးခွက်ထက်
မိသားစုအရေး ပိုမည်မထင်။

မြန်မာ စကားတွေ အသံတွေ
ဈေးထဲမှာ
စက်ရုံတွေမှာ
ဟော်တယ်ကုတင်တွေမှာ
ဇိမ်ခန်းတွေမှာ
ဘီယာဘားတွေမှာ
စိုက်ခင်းတွေမှာ
ဆောက်လုပ်ရေး ဆိုဒ်တွေမှာ....။

ဝဋ်ကြွေးကြောင့်လား
ရှောင်မရတဲ့ သံသရာကြောင့်လား
ကယ်သူမဲ့ ဘ၀တွေ
“ ကျောင်းမနေဘူးသေးပါဘူး
သားကျောင်းစာအုပ်ဖိုးမတတ်နိုင်လို့
သားက သူတောင်းစားအစစ်မဟုတ်ပါဘူး
.... ...... ..... ..... ”
အနာဂတ်မဲ့ ရှင်သန်နေကြတဲ့
အလင်းမဲ့နေ့တွေနဲ့အတူ
ပန်းလေးတွေမဝေခင်မှာကြွေခဲ့ ....
အော် .... ဆုတောင်းမှားခဲ့ကြလို့လား....။

ပြည့်စုံ

ဆက်လက်ဖတ်ရှုရန် ...

Thursday, January 24, 2008

ဒုက္ခသည်တယောက်ရဲ့ လွမ်းချင်း


ချစ်သူ
“ကံတရား” ဆိုတာ
ဝေနေတဲ့ “နှင်း” တွေလိုပဲလား
ပိတ်ဆို့ထားလိုက်တာ ဘာမှကိုမမြင်ရဘူးလေ
ပျောက်ကွယ်သွားတော့လည်း အရှင်းပါဘဲလား။

ချစ်သူ
မဆုံနိုင်တဲ့ အဝေး
ဆက်သွယ်ရေးကွန်ယက်တွေရဲ့ အဝေး
ဝေးပြီးရင်း ဝေးလာနေကြပြီ
ဖြေသိပ်မှုနဲ့ နယ်စပ်တောင်တန်းတွေရဲ့
စိမ်းမြမြ လွင်ပြင်ကျယ်ကြီးကိုသာငေးမောခဲ့ရ.....။

ချစ်သူ
သတ္တိရှိပြီး မြင့်မြတ်တဲ့သူတွေ
သစ္စာရှိပြီး ကြင်နာတတ်တဲ့သူတွေရှိတဲ့
အမိမြေဟာ
Curfew ဆိုတဲ့ လှောင်အိမ်အတွင်း
အကျဉ်းကျခဲ့တာ ရာစုနှစ်ထဲတောင်ဝင်သွားခဲ့ရပြီ။

ချစ်သူ
ဖျက်လေးဖျက်(ထိုးစစ်တွေကြောင့်)
ဇာတိမြေပါ မီးဟုန်းဟုန်းတောက်
ကမ္ဘာဦးလူသားဘ၀ကိုပြန်ရောက်
ရေကြည်ရာမြက်နုရာကိုရှာခဲ့ရပေါ့။

ချစ်သူ
ပေးတာယူ၊ ကျွေးတာစား
ထားရာနေ စေရာသွား
မြေမြုပ်မိုင်းမရှိတဲ့ ဒီမြေမှာ
(တ၀မ်း ၀ပါရဲ့) နာသာခံခက်တဲ့ ဒုက္ခသည်အဖြစ်နဲ့
ကြာကြာမနေချင်ဘူး။

ချစ်သူ
အလွမ်းတွေပြေမဲ့တရက်
မျှော်လင့်ချက်တွေကို
ဘ၀နဲ့ရင်းရတဲ့ အရသာ
အရမ်းတန်ဖိုးကြီးပါလား။

ချစ်သူ
အလွမ်းတွေက
အလွမ်းတွေဆီကိုပြန်မလာမချင်း
ခံစားကြ ကြေကွဲကြအုံးပေါ့
ရင်ဘတ်တွေ တုန်သွားအောင်ထိခိုက်ကြအုံးပေါ့။

ပြည့်စုံ

ဆက်လက်ဖတ်ရှုရန် ...

Monday, January 21, 2008

ဖွဲမီး

မင်းရဲ့အလင်းမှာ
ငါဟာသောင်တင်ခဲ့မိပေါ့ ...
ငါက မင်းကိုမရူးသွပ်ပေမယ့်
မင်းကငါ့ကို ရူးသွပ်အောင်လုပ်ခဲ့
အမှားအယွင်းတွေ သီဆိုပုံဆန်းကြယ်ပေမယ့်
ငါကတော့ ငါ့အနုပညာကို ငါစောင့်သိခဲ့ပါတယ်။

စာတွေ့အရ
MRTV အမြင်အရ
သူတို့ စွန့်လွှတ်ကြတယ်
သူတို့ပေးကမ်းကြတယ်
သူတို့စေတနာမှန်ကြတယ်
သူတို့ပြုပြင်တယ်
သူတို့ထိန်းသိမ်းတယ်
သူတို့စောင့်လျှောက်တယ်
သူတို့ ကောင်းကြတယ်
... .... ......... ....... ..... ....
.... ...... .... ..... ...... .......
တို့တွေအားလုံး သိခဲ့ကြပါတယ်။
ကောင်းတာတစ်ခုမှမလုပ်ဘဲနဲ့
အနာဂတ်ကိုကောင်းအောင်လုပ်မယ်ဆိုသူတွေအကြောင်း။
တို့တွေအတွက်
သဘာဝကျကျ ရသမြောက်တဲ့ ဟာသဆိုတာ ...

အကျိုးအကြောင်းဆက်နွယ်မှုတွေလား
ကောင်းကင်ကိုမော့မော့ကြည့်တတ်တဲ့
မျက်လုံးတွေနဲ့မှဆုံခဲ့မိ
ဓါတ်ဆီတိုင်ကီထဲ
ဆီအပြည့်ထည့်ထားပြီးသလို
ကိုယ့်ကိုကိုယ် စိတ်ချလက်ချ။

ငါသိလိုက်ရတယ်..
ခွင့်လွှတ်ခြင်းကို မမွေးမြူတတ်သူရဲ့
နှလုံးအိမ်သည် ပူလောင်တယ်ဆိုတာ...။

ငါဆိုတဲ့ကောင်က သွေးအေးတယ်
နှုတ်ဆိတ်တယ်
တိုးတိတ်လွန်းတော့
အဲဒီရင်ခုန်သံကို
မင်း...ကြားရလိမ့်မှာမဟုတ်ဘူး..။

ပြည့်စုံ

ဆက်လက်ဖတ်ရှုရန် ...

Saturday, January 19, 2008

ကျိန်းသေနေသော ရင်ဖွင့်သံ

အချစ်မှာ
လိမ်းဆေးကို သောက်ဆေးနဲ့မှားယွင်းမိသူ။
သံစဉ်မဲ့ မင်းရေးခဲ့တဲ့
အတွေးလှလှ ကဗျာတစ်ပုဒ်ကိုငါလွမ်းတယ်။
အလွမ်းတွေက
အလွမ်းတွေကို ပြန်လွမ်းတဲ့အထိ
နှလုံးသားရေလည်အုံကြီးစုတ်ကွဲတဲ့အထိပေါ့။

တို့တွေ တည်ဆောက်ခဲ့ကြတယ်
အရင်းကနေ အဖျားအထိပေါ့
ဒီလိုတည်ဆောက်မှုမှာ
စွန်းစွန်းထင်းထင်းတွေဖြစ်ခဲ့ပါသလား..
မှောက်မှောက်မှားမှား
စွပ်ကြောင်းကြီးတွေနဲ့လား...
ဒါမှမဟုတ်
ပျက်ပျက်ယွင်းယွင်း အပျက်အစီးတွေနဲ့လား
မြင့်မြင့်မားမား အမှားအပြစ်တွေလား....
...... ..... .... ... ...
ဒီလောက်မွန်းကြပ်မယ်မှန်းသိရင် (အစကတည်းက)
အသက်ရှုတတ်အောင်
ငါမသင်ခဲ့ပါဘူး။

ဘ၀ဆိုတာဘာလည်း
ကံကြမ္မာဆိုးကို အဆင်းဘီးတပ်ပေးတဲ့ပုဂ္ဂိုလ်လား။
သေချာတာကတော့ ဂစ်တာလို
တင်းလိုက်လျှော့လိုက်
ပုတ်လိုက်ခတ်လိုက်နဲ့
မသာယာတောင် အသံညီဖို့တော့လိုမယ်။

ချစ်သူ
ညပြာပြာကိုပွေ့ပိုက်ပြီး လျှောက်တဲ့လမ်း
ဆောင်းလေညှင်းအသွဲ့မှာ
မင်းပါမလာနိုင်ခဲ့ဘူး...။

တစ်စုံတယောက်က တစ်စုံတရာကို စောင့်ရသလိုမျိုး
တစ်စုံတရာက တစ်စုံတယောက်ကို ထားခဲ့သလိုမျိုးနဲ့
နင့်နဲကြေကွဲကြဦးပေါ့...။

ပြည့်စုံ

ဆက်လက်ဖတ်ရှုရန် ...

Sunday, January 13, 2008

ဒါဏ်ရာရ သစ်ပင်

လူတိုင်းလူတိုင်း.. အဝေးတနေရာမှာ
ရွာနေတဲ့“ မိုး ” ဝေနေမယ့် “ နှင်း ” တွေကို
တွေးနေကြလိမ့်မယ်။
စိတ်ကတော့ အနှောင်အဖွဲ့ကင်းစွာဝေနေတဲ့
မြူနှင်းတွေလို တစိမ့်စိမ့်နဲ့
သတိရမှုမှ အပ ဘာမှမတတ်နိုင်ခဲ့တဲ့ နေ့တွေပါ။

အမေ့ကိုလွမ်းလိုက်
သူငယ်ချင်းတွေကိုလွမ်းလိုက်
ဇာတိမြေကိုလွမ်းလိုက်
မြို့ပြင်ထုတ်ထားတဲ့
ကျောင်းတော်ကြီးကိုလွမ်းလိုက်နဲ့
သားအလွမ်းတွေတိုင်းမှာ
အမေအမြဲတမ်းပါချင်မှပါမယ်
သေချာပါတယ်...
အမေ့အလွမ်းတွေတိုင်းမှာတော့
သားအမြဲပါနေမှာပါ။

ဝေးခဲ့ကြတယ်
အလူးအလဲကိုဝေးခဲ့ကြတယ်
မကြားနိုင်အောင်ဝေးခဲ့ကြတယ်
ပြန်မဆုံနိုင်လောက်အောင်ကိုဝေးခဲ့ကြတာပါ
ဘယ်လိုသံသရာလမ်းတွေ ကွေးကောက်ခဲ့လို့ပါလိမ့်။

တချို့က ကဗျာနဲ့လွမ်း
တချို့က သီချင်းနဲ့တမ်းတ
တချို့က အတွေးနဲ့ ကြေကွဲ
တချို့က ဝေဒနာနဲ့ ရှိုက်ငင်
အမေ... အမေ.... အမေ...။

ပြန်ဆုံမယ့်တရက်
နေ၀င်နေထွက် မရေမရာနဲ့ တွက်ချက်
သေချာပါတယ်
အမေကိုလွမ်းဘူးသူတိုင်း
ဒုက္ခနဲ့ရင်ဆိုင်ကြုံဘူးလို့ဖြစ်မယ်
အမေကိုချစ်ရကောင်းမှန်းသိသိလာတယ်။

ဒုက္ခနဲ့တခါကြုံတိုင်း
ခလုပ်ထိတိုင်း
“တ”ရလွန်းလို့
လက်ညိုးညွှန်ရာ အမေဖြစ်ပါစေလို့ဆုတောင်းနေမိတယ်။


ပြည့်စုံ

ဆက်လက်ဖတ်ရှုရန် ...

Saturday, January 12, 2008

နာကြည်းမှုများရဲ့ပုစာ

(၁)

ရောင်နီလာနံနက်ခင်းမှာ
ပြတင်းတံခါးလေးကို ဖွင့်ကြည့်တော့
သာယာလှိုက်မောဖွယ်ကောင်းလောက်အောင်ကို
ဆွတ်ပြန့်ကြည်နူးစရာ ရှုမျှော်ခင်းလေးတွေပါ
ဒီလို နေရာ
ဒီလို ဒေသမျိုးမှာ
ဖိနှိပ်မှုတွေ
ချိုးဖောက်မှုတွေ
အဓမ္မတွေ
ပြည်တွင်းစစ်တွေ
ရှိလိမ့်မယ်လို့ ဘယ်သူတွေထင်မှာလဲ...။

(၂)

ငါစဉ်းစားတယ်
ဆန်းသစ်တဲ့နေ့ရက်တွေအကြောင်း
ငါသိချင်မိတယ်
ပန်းသစ်တွေ ဝေေ၀နေတဲ့ မနက်ခင်းတွေအကြောင်း
ငါတွေးကြည့်တယ်
“ဒုက္ခသည်တယောက်က
သူ့အမိနိုင်ငံတော် မြေပုံကို
စူးစိုက်ငေးကြည့်နေသလိုမျိုး ” (ကိုထက်မိုး- လူထုအမေ)
သေချာတာကတော့
လူတွေမျက်နှာပေါ်က
ကမ္ဘာကြီးကိုငါမယုံတော့ဘူး... သေချာပါတယ်...။

ဒီလိုနဲ့ပဲ
ငါ့လက်ထဲက ငါ့ဘ၀လေးကို
ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး
အမှန်တရားကိုလွမ်းလွမ်းနေတတ်ပြီ။

(၃)

လောကဓံနဲ့မိတ်ဆွေဖြစ်နေတဲ့အချိန်
ဖိတ်တ၀က် စင်တ၀က်နေ့ရက်တွေထဲမှာ
ကိုယ့်အတ္တကိုယ်ချစ်ရင်းနဲ့
ငါချစ်တဲ့သူတွေ
ငါမုန်းတဲ့သူတွေနဲ့ ကွေကွင်းခဲ့ရတဲ့အထိပေါ့...။

ငါမခံနိုင်ဘူး ဒီလိုဘ၀မျိုးတွေထဲမှာ
နာကျင်စွာနဲ့ငါအော်ဟစ်မိတယ် သိခွင့်ရှိမလား
ကံတရားရဲ့ လှည့်ကွက်လား
လောကကြီးရယ် ငါတို့တွေအတွက်တရားရဲ့လားလို့။

ပြည့်စုံ

ဆက်လက်ဖတ်ရှုရန် ...

Thursday, January 10, 2008

အသက်မဲ့စိမ်းလန်းခြင်း

ကိုယ်ကောင်းမှုပြုတဲ့အခါတော့
တလောကလုံးသိစေချင်ကြတယ်။
ကိုယ်ကမကောင်းတာပြုလုပ်တဲ့အခါကြတော့
တလောကလုံး မသိစေချင်ကြဘူး။

ရင်ခုန်လိုက်တိုင်း
အသက်ရှုလိုက်တိုင်း
နာကျည်းမှုတွေမေ့ပျောက်မရတော့ဘူး။

Type the rest of your post here.ညစ်ထေးမှုတွေသာ တနေ့တခြား
တိုးတိုးလာတယ် တဘ၀လုံးလုံးလိုပါပဲ။
အဖူးရယ် အညွှန့်ရယ်လို့ ဝေဆာလန်းဆန်းခွင့်မရှိ
အိမ်မက်မက်တာတောင် မဖြောင့်တန်းခဲ့။

ဒီကမ္ဘာကြီးပေါ်မှာ
ကျနော်တို့ဘယ်လောက်ကြာကြာနေရမှာလဲ
ဒီလို တဖက်သတ်သာ စိမ်းလန်းခွင့်ရှိတဲ့
ဒီတောအုပ်ထဲမှာ ကျနော်တို့ဘာလို့ဆက်အသက်ရှင်တော့မှာလဲ။

ဘ၀တွေကို
ကော်ဖီမစ်တခွက်လို
စိတ်ရှိလက်ရှိ အမွှေနှောက်ခံနေရမှာလား။
ဘယ်လောက် စစ်ခင်းရအုံးမှာလည်း
ဘယ်လောက် ဖြေရှင်းရအုံးမှာလည်း
အမှန်တရားတွေ့ဖို့အတွက်
လူသားရပိုင်ခွင့်တွေအတွက်...။
သေချာပါတယ်
ဒါဏ်အရာ အပြင်းဆုံးလူသားတွေအတွက်
နှလုံးသားတွေ သစ်ငုတ်တိုဖြစ်နေပါစေ
မြေကြီးထဲမှာ အမြစ်ရှိနေသရွေ့
မျှော်လင့်ချက် ရွက်သစ်တွေက စိမ်းစိုရှင်သန်ဆဲပါ။

ပြည့်စုံ

ဆက်လက်ဖတ်ရှုရန် ...