Tuesday, March 4, 2008

လွတ်ကျသွားတဲ့ အသံ


အိပ်မက် ...
မျှော်လင့်ချက်တွေနဲ့ အိပ်မက်
ငါ မက်ခဲ့တယ်
အာရုဏ်မှာ ငါနိုးလာတော့
ပင်ပန်းနွမ်းနယ်စွာ အိုစာခဲ့ရတယ်။

ဝေးနေကြတယ်
ဝေးနေကြတာ တနေ့နေ့ပြန်ဆုံရမယ်လို့
မျှော်လင့်ချက်တွေနဲ့ပေါ့
ငါကလည်း သူ့ကိုခင်တယ်
သူကလည်း ငါ့ကိုခင်တယ်
အိုက်စပ်စပ် လေထုထဲ
အိုက်စပ်စပ် နေ့ရက်တွေထဲ
ဥသြ အမှတ်အသားနဲ့ ရာသီမှာ
ငါ့ရဲ့အဖြစ် တိုက်ဆိုင်သွားခဲ့
အခုတော့
လတ်လတ်ဆတ်ဆတ်ကို ဝေးခဲ့ရတယ်။

မင်းရဲ့ အရိပ်လေး
ဖြတ်လျှောက်သွားတာမြင်လိုက်တယ်
ဒါပေမယ့် မင်းမဟုတ်ဘူး
ငါ ငေးကြည့်နေရင်း
ငါ့မျက်လုံးတွေေ၀၀ါးလာခဲ့တယ်
မေမေရယ်
ငယ်ငယ်က ပုံပြင်တစ်ပုဒ်လောက်
သားကိုပြန်ပြောပြပါ
သား အငိုတိတ်ချင်လို့ပါ....။

လူတိုင်းလူတိုင်းမှာ ခံစားချက်ကိုယ်စီ အလွမ်းကိုယ်စီနဲ့ရှိကြပါတယ်။ အလွမ်းဓါတ်ခံရှိသူတွေ အတွက်ပူလောင်ခြောက်သွေ့တဲ့နွေရာသီဆိုတာ ခံစားချက်တွေကို နှိုးဆွပေးနေတဲ့ရာသီ ပဲမဟုတ်လား။ သေချာပါတယ် လူ့ဘ၀ဆိုတာ လမင်းကြီးလိုပဲနေမှာပါ တခါတရံမှာ အေးမြခြင်းတွေနဲ့အတူ မှောင်မိုက်နေတဲ့လောကကြီးကို အလင်းရောင်တွေပေးပြီး ပြည့်ပြည့်၀၀ကိုထွန်းလင်းသာနေခဲ့တယ်။ တခါတရံမှာတော့ မှောင်မိုက်စွာတိတ်ဆိတ်ကွယ်ပျောက် နေခဲ့တယ်။

ကဗျာလေးကတော့ကျနော့်ရဲ့ တဖက်သတ်ခံစားချက်ပါ ကျနော့်မှာ သူငယ်ချင်းတယောက်ရှိခဲ့ဘူးပါတယ်.. ကျနော်တို့က တယောက်တနေရာဆီမှာပါ။ ကျနော့်ရဲ့ မျှော်လင့်ချက်ကဘာလည်းဆိုတော့ ဝေးနေကြတာ တနေ့နေ့ပြန်ဆုံတွေ့ရမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့ အတူတူရှိနေတာ ခွဲခွာခြင်း အဖြစ် အချိန်မရွေးပြောင်းသွားနိုင်တယ်ဆိုပြီးတော့ပါ။ အဲဒီလိုနဲ့ပဲ ကျနော်အမြဲကြိုနေခဲ့တဲ့ နွေဦးမှာ အကြောင်းတိုက်ဆိုင်စွာ ကျနော်တို့တွေဟာ ဝေးနေရာကနေ ပိုဝေးသွားခဲ့ကြတာပေါ့ ဥသြလေးတောင် တွန်သံအရင်လိုမချိုမြိန်တော့ဘူး။ အလွမ်းတွေနဲ့အတူ ရင်ကွဲသံတွေထပ်ထပ်နေတယ်။ အတိတ်တွေ ချိုမြိန်ခဲ့ပေမယ့် ခါးသက်သက်နေ့ရက်တွေကို ပူလောင်အိုက်စပ်စွာ ဖြတ်သန်းရတော့မှာပေါ့။

ကဗျာလေးနဲ့အတူ နှင်းဆီပန်းပုံတင်ထားတာက ကျနော်ဖတ်ဘူးသော လက်ဆောင်နှင့်အဓိပ္ပါယ်ဆိုတဲ့ စာအုပ်ထဲက ချစ်သူနှစ်ဦး စိတ်ကောက် စိတ်ဆိုးရင် ပြေလည်အောင်ချော့လိုသည့်အခါ ယောင်္ကျားလေးက မိန်းလေးကို နှင်းဆီပန်းစည်း(သို့) ပန်းပွင့်ပေးရမယ်တဲ့၊ မိန်းခလေးက ယောင်္ကျားလေးကို သီချင်းဓါတ်ပြားအယ်လ်ဘမ် လက်ဆောင်ပေးရမယ်ဆိုလို့ အမှတ်တရအဖြစ်နဲ့ပါ တကယ်က ကျနော်တို့တွေ ဖြူစင်စွာရင်းနှီးခဲ့ကြသော ဖြူစင်သောသူငယ်ချင်းတွေပါ။

ပြည့်စုံ

13 comments:

puluque said...

ခင်ဗျား နဲ့ကျတော် မွေးရပ်မြေ ဝေါမြို့ချင်းတူတယ်ဗျာ။ ဒီနေ့မှ နှင်းပွင့် ဘလော့မှာတွေလို့ဝင်လာတာပါ။

ယုန်ကလေး said...

ကိုဝေါသားလေးရေ...
လာလည်သွားပါတယ်နော် ကဗျာလေးကမိုက်ပါတယ် နှင်းဆီပန်းကို ကြိုက်လိုလား

blogger's poem said...

ဖတ်သွားပါတယ် ကဗျာရပ်ဝန်းမှာ ပါဝင်ရေးသားဖို့ဖိတ်ခေါ်ပါတယ်

Anonymous said...

:) သူငယ်ချင်းလား.. ကောင်မလေးလည်း လွမ်းတယ်.. ဖြစ်နိုင်ရင် ပြန်ဆုံချင်တယ်.. ကဗျာလေးက ထိတယ်ဗျာ..

Pinkgold said...

သြော် ပြည့်စုံက လွမ်းနေတာကို
မျက်ရည်တွေနဲ့ မျောသွားအုံးမယ် သတိလည်း ထားအုံး

ချစ်တဲ့သူနဲ့ ပြန်ဆုံနိုင်ပါစေရှင်

Anonymous said...

ကိုပြည့်စုံရေ.. ကျုပ်တို့တွေအားလုံးဟာ စာပေပညာရှင်တွေ မဟုတ်ကြပေမယ့် ခံစားချက်ချင်းမျှဝေနိုင်ကြလို့ သိပ်ပြီးကျေးဇူးတင်ပါတယ်...

lwansay said...

အစ်ကိုရေ...ကောင်းတယ်ဗျ။ အရေးအသားတွေက
ခံစားချက်တွေအစစ်အမှန်တွေမို့လားမသိဘူး။ တကယ်ထိတယ်။
တစ်ပုဒ် တစ်ပုဒ် ဖတ်လိုက်တိုင်း လွမ်းကျန်ရစ်တာပဲဗျာ။
အားပေးလျှက်။

Unknown said...

ကောင်းတယ်ဗျာ.... ဆက်ရေးအုံး။

ခွန်မြလှိုင် said...

Great post and nice blog. I like even template too..

စိုးထက် - Soe Htet ! said...

ကောင်းတယ် အာမထိလျှာမထိ မြို့ သားလေး ..တွေ့တော့ ကိုပြည့်စုံ မေးလ် နစ်ခ်နဲ့ တူသလိုပဲလို့ ထင်နေတာ :P

ThinkingHoney said...

မင်းရဲ့ အရိပ်လေး
ဖြတ်လျှောက်သွားတာမြင်လိုက်တယ်
ဒါပေမယ့် မင်းမဟုတ်ဘူး
ငါ ငေးကြည့်နေရင်း
ငါ့မျက်လုံးတွေေ၀၀ါးလာခဲ့တယ်
.........................................
အဲဒါမျိုးဖြစ်ဖူးတယ် ဒါပေမယ့် မရေးချတတ်ခဲ့ဘူး
အရမ်းတော်တယ် ကိုပြည့်စုံ

အဖြူရောင်နတ်သမီး said...
This comment has been removed by the author.
အဖြူရောင်နတ်သမီး said...

ကဗျာလေးတွေ...တစ်စုတစ်စည်းတည်း တွေ့ရတာကိုက....ထူးခြားခြင်းတစ်ခုပဲနော်....
ကဗျာလေးတွေ အရမ်းကောင်:တယ်...
နည်းနည်းချင်း...လာဖတ်မယ်နော်....။