Thursday, January 24, 2008

ဒုက္ခသည်တယောက်ရဲ့ လွမ်းချင်း


ချစ်သူ
“ကံတရား” ဆိုတာ
ဝေနေတဲ့ “နှင်း” တွေလိုပဲလား
ပိတ်ဆို့ထားလိုက်တာ ဘာမှကိုမမြင်ရဘူးလေ
ပျောက်ကွယ်သွားတော့လည်း အရှင်းပါဘဲလား။

ချစ်သူ
မဆုံနိုင်တဲ့ အဝေး
ဆက်သွယ်ရေးကွန်ယက်တွေရဲ့ အဝေး
ဝေးပြီးရင်း ဝေးလာနေကြပြီ
ဖြေသိပ်မှုနဲ့ နယ်စပ်တောင်တန်းတွေရဲ့
စိမ်းမြမြ လွင်ပြင်ကျယ်ကြီးကိုသာငေးမောခဲ့ရ.....။

ချစ်သူ
သတ္တိရှိပြီး မြင့်မြတ်တဲ့သူတွေ
သစ္စာရှိပြီး ကြင်နာတတ်တဲ့သူတွေရှိတဲ့
အမိမြေဟာ
Curfew ဆိုတဲ့ လှောင်အိမ်အတွင်း
အကျဉ်းကျခဲ့တာ ရာစုနှစ်ထဲတောင်ဝင်သွားခဲ့ရပြီ။

ချစ်သူ
ဖျက်လေးဖျက်(ထိုးစစ်တွေကြောင့်)
ဇာတိမြေပါ မီးဟုန်းဟုန်းတောက်
ကမ္ဘာဦးလူသားဘ၀ကိုပြန်ရောက်
ရေကြည်ရာမြက်နုရာကိုရှာခဲ့ရပေါ့။

ချစ်သူ
ပေးတာယူ၊ ကျွေးတာစား
ထားရာနေ စေရာသွား
မြေမြုပ်မိုင်းမရှိတဲ့ ဒီမြေမှာ
(တ၀မ်း ၀ပါရဲ့) နာသာခံခက်တဲ့ ဒုက္ခသည်အဖြစ်နဲ့
ကြာကြာမနေချင်ဘူး။

ချစ်သူ
အလွမ်းတွေပြေမဲ့တရက်
မျှော်လင့်ချက်တွေကို
ဘ၀နဲ့ရင်းရတဲ့ အရသာ
အရမ်းတန်ဖိုးကြီးပါလား။

ချစ်သူ
အလွမ်းတွေက
အလွမ်းတွေဆီကိုပြန်မလာမချင်း
ခံစားကြ ကြေကွဲကြအုံးပေါ့
ရင်ဘတ်တွေ တုန်သွားအောင်ထိခိုက်ကြအုံးပေါ့။

ပြည့်စုံ

No comments: