နာဂစ်မုန်တိုင်းနဲ့ပတ်သတ်ပြီးကြေကွဲရပါတယ် ထို့ထပ်ပိုဆိုးတာက လူလူချင်း စာနာထောက်ထားမှုမရှိဘူး။ ရလိုမှုတစ်ခုပဲကြည့်တတ်တဲ့ လက်တဆုပ်စာ အာဏာရှင်စစ်ဘီလူးတွေရဲ့ နိုင်လိုမင်းထက်ပြုမူဆံဆက်မှုတွေကို ကျနော်တို့ပြည်သူတွေခံစားနေရပါတယ်။ ထို့ကြောင့် အခြေအနေလေးတွေတိုက်ဆိုင်လို့ ဆရာမောင်သွေးသစ်ရဲ့ ခြင်နဲ့ဖြုတ် (စံပယ်ဖြူ မဂ္ဂဇင်း အမှတ်(၉) စက်တင်ဘာ၊၂၀၀၂ )တွင်ဖော်ပြခဲ့သော ကဗျာကိုကူးယူတင်ပြလိုက်ပါတယ်။
ခြင် နဲ့ဖြုတ်
မင်းတို့ကို
မသတ်လိုဘူး။
ဒို့ဆီက
ထွက်ပျံကြဖို့၊
အလေးအနက်တောင်းဆိုတယ်။
ခြင်ထောင်မဲ့
ခြုံစောင်မဲ့၊ ဒို့ရဲ့ခန္ဓာကိုယ်
နေရာမလပ်၊ လှည့်ပတ်ကိုက်ရင်း
မင်းတို့ သွေးစုတ်နေကြတယ်။
မင်းတို့အားလုံး
စုရုံးပျံသွားကြစမ်းပါ။
တကယ်ဆိုရင်
ဗွက်စိုနွံကြား၊ ရွှံ့ပုတ်ကြားက
မွေးဖွားလာတဲ့ မင်းတို့လို။
ဓနိကျူဝါး
တဲကုပ်ကြားမှာ၊ ကြီးထွားနေတဲ့ ငါတို့ပါ။
ဘ၀တူချင်း
အတန်းစားချင်း၊ ရက်စက်ခြင်းနဲ့
မင်းတို့ ဗိုလ်မကျသင့်ဘူး။
မင်းတို့ဟာ
ဒို့ရဲဘော်ဖြစ်သင့်တယ်။
Sunday, June 15, 2008
ခြင်နဲ့ ဖြုတ်
Wednesday, May 14, 2008
မညီမျှခြင်းများ
ကိုယ့်ဖို့ခက်ခဲ့သလောက်
တချို့များလွယ်လိုက်တာ
လောကကြီး ဘာဖြစ်တယ် ဘာညာပေါ့
မပြောချင်တော့ပါဘူး…။
အို… ဗုဒ္ဓ
တပည့်တော် သူတပါးကို
ခြေထိုးခဲ့ဖူးပါလျှင်
တခါတည်းသာ အပြစ်ပေးပါ
စီးဆင်းရာတွေ ပြောင်းလဲတတ်တဲ့
မြစ်ကျိုးအင်းလိုဘ၀မျိုး
မရောက်ရပါနဲ့…..။
ပြောသမျှနားထောင်, ကျွေးသမျှစားပြီး
သက်တမ်းကုန်မယ့် ဘ၀မျိုး
မရောက်ရပါစေနှင့်….
သူတို့လိုပေါ့
မီးစ တဖက်, ရေမှုတ်တဖက်
တွဲသုံးကြည့်ဖူးတယ်
မရဘူးဗျ
ရေနင်တယ်….။
နေနေ(နို့ဖိုးစခန်း)
Thursday, May 1, 2008
“ မိရိုးဖလာ… ဗလာကဗျာတစ်ပုဒ် ”
ထက်ဇော်
ကောင်းကင်နက်က ကြယ်တွေကြွေစေတယ်…။
တိတ်ဆိတ်ညိုးညံနေတဲ့
ဖြူလွှလွှ တောက်လောင်မှုတွေ…။
အစိမ်းရင့်ရင့် ပွင့်စေတဲ့
နီးဆွေးဆွေး သံလွင်ခက်တွေ….။
အဓိပတိလမ်းဘေးက
အညတရ ကံ့ကော်ကြွေတွေ…။
တေးတစ်ဝက်နဲ့ ခန္ဓာပျက်ခဲ့တဲ့
ထနောင်းပင်ထက်က ချိုးငယ်တွေ…။
မိုးအလင်း ဇာတ်ထုပ်တစ်ခုထဲက
ငုတ်တုတ်မိုးချုပ်ခဲ့ပြီး အိမ်ပြန်မရောက်တဲ့ကဗျာအိုတွေ….။
ဒါဟာ … ဒို့ရေးတဲ့ သမိုင်းလား…..။
ရေးပြီးသား ဖတ်စာတစ်အုပ်လား….။
ဆပ်ရန်လက်ကျန်ရှိ အကြွေးစာရင်းလား….။
……. …….. …….. လား…။
……. …….. …….. လား…။
……. …….. …….. လား…။
“ ဘ၀” ဆိုတာ “ ခဏ” လေးပါကွာဆိုပြီး
“ခဏ” ဆိုတာ “ ဘ၀” ပဲဆိုတာမေ့လျော့
ညတွေထဲမှာ ကြယ်တွေကို
ပလုံစီဂီတတွေ၊ အညှီအဟောက်တွေ
စီးကရက်တွေ၊ မိန်းမပျက်တွေ နဲ့ မြှား
ဒီလိုနဲ့ …..
နေ၀င်ရီတရောမှာ အမှန်တရားနဲ့ လက်ဆွဲနှုတ်ဆက်
ကျော်ဖတ်ရန်နဲ့ မရေးဖြစ်တော့တဲ့ စာမျက်နှာတွေအကြောင်း
ထောင်းနမောင်းထ၊ ဖွာလန်ကြဲဆွေးနွေးပြီး
ကိုယ့်ကိုကိုယ် ပြန်မြည်းနေမိတာ ကြာပေါ့….။
ဟုတ်တယ်…..
ကောင်းကင်နက်က ကြယ်တွေကြွေစေတယ်လို့လေ…..။
(၁.၅.၂၀၀၈)
Tuesday, April 29, 2008
အမေပြုံးနေသည်...

တိုက်ရင်းသေသွားတဲ့ အမေ
ကျနော်တို့ကတော့ အချင်းချင်းဖိုက်ရင်း တွေနေကြတယ်။
အတွင်းအပြင် ကြည်စင်တဲ့ ကိုယ်ကျင့်တရားကြောင့်ရွှန်းပတဲ့အပြုံး
ကျနော်တို့ အရက်ဝိုင်း ကိုယ်ကျင့်တရားဘေးမှာထားေ၀၀ါးဝါး
နိုင်ငံရေး စကားနဲ့ မိုးလင်းခဲ့…။
အမေနားလည်မှုအပြုံးတွေပေးခဲ့ပေမယ့်
သားတို့ မစည်းရုံးခဲ့လို့ နအဖတို့အကြိုက် သန်းရွှေခိုက်ခဲ့တယ်။
သားတို့ လွတ်လပ်ပျော်ရွှင်တဲ့အပြုံး အမေမမြင်လိုက်ရပေမယ့်
အမေ့ရဲ့ နားလည်ခွင့်လွှတ်မှုအပြုံးတွေက ရှင်းသန့်တဲ့ကိုယ်ကျင့်
အရှိန်မြှင့်တိုက်ပွဲအတွက် ပွဲသိမ်းရက်အမြန် ခွန်အားမာန်ပြင်း ရန်ကိုခွင်း….။
joy
Friday, April 11, 2008
တိမ်လိုလူ
ဖျတ်ဖျတ်လူးနေတဲ့ ငါ့ခေါင်းပေါ်က ကြယ်တွေ
ငါ့တစ်ကိုယ်စာပိုင်နက်ထဲများ ခုန်ဆင်းလာလေမလား
ဒုက္ခရောက်တိုင်း ၀ပ်ကျင်းတွေ ရှာဖွေရတာလည်း
မောလှပြီ....
တခါတလေများဆို
ကိုယ့်အရိပ်တွေ ကိုယ့်နောက်လိုက်ရင်တောင်
သိပ်မကြိုက်ချင်တော့ဘူး
ရေအိုးနဲ့ အိပ်ယာ လွန်းထိုးရင်းမိုးလင်းခဲ့တဲ့ညတွေ
ကြာလာရင် ဘာဖြစ်မယ်ဆိုလားဘဲ....
အခုနေများ
“ဒါဝင်” ရှိရင်မေးချင်တယ်
ကျနော် မျောက်ပြန်ဖြစ်အောင်
ဘယ်လောက် စောင့်ရအုံးမလဲလို့......
နေနေ(နို့ဖိုးစခန်း)
Saturday, April 5, 2008
အဆိပ်ပြင်းတဲ့ ရာသီ

အမေနဲ့ စိတ်မဆိုးဘဲ အိမ်နဲ့ဝေးခဲ့တယ်
မိသားစုရဲ့ ဘောာဂဗေဒက
သူလိုငါလိုလောက်တောင် မလောက်ငခဲ့ဘူး။
ရည်းစားနဲ့ စိတ်မကောက်ဘဲ အကြင်နာနဲ့ဝေးခဲ့တယ်
ကျနော်တို့ရဲ့ အနာဂါတ်ကို
ကျနော်ကိုယ်တိုင် ထုဆစ်ချင်ခဲ့တာကိုး …
သူငယ်ချင်းတွေနဲ့ ရန်မဖြစ်ဘဲ နွေးထွေးမှုနဲ့ ဝေးခဲ့တယ်
ဘွဲ့လေးတစ်ခုစီရကြရုံနဲ့ မလုံလောက်ဘူးဆိုတာ အရင်ကမသိခဲ့ဘဲကိုး …
လမ်းထိပ်က ပိတောက်ပင်ကြီးကတော့ ဒီအချိန်ဆို
အလွမ်းတွေ ပွင့်ဖူးနေမှာပါ
သေချာပါတယ်….
(ဝေါသားလေး-ပြည့်စုံ)
သေချာပါတယ်
ရာသီတိုင်းကိုလွမ်းနေရပေမယ့်
ဒီရာသီက အဆိပ်ပြင်းတဲ့ရာသီပါ
ရင်ထဲမှာဖွဲ့တည်နေတဲ့ မျက်ရည်တွေ
မျက်ဝန်းက ဘယ်အချိန်ရွာသွန်းမလဲပဲ
တပ်မက်မှုအပြည့်နဲ့ ရထား
ကိုယ့်ဘူတာ ကိုယ်ဆိုက်နိုင်အောင်
မီးစာကုန် ဆီမခမ်းဖို့ကို
သတိနဲ့ အသိနဲ့….။
နေနေ(နို့ဖိုးစခန်း)
Wednesday, April 2, 2008
ဖြေရှင်းချက်
ခင်မင်းဇော် said...
ပြည့်စုံရေ
နေနေ(နို့ဖိုးစခန်း)ဆိုတော့ ခေတ်ပြိုင်မှာ ကဗျာတွေ အက်ဆေးတွေ ရေးနေကျ နေနေထင်လို့ သွားမေးကြည့်တော့ မဟုတ်ဘူးတဲ့။ အဲဒီနေနေက အခုမစ္ဇျိမ က နေသွင်ပေါ့။ အရင် မိုးကြိုးက။ ဒီလို နာမည်ဆင်တူနေတာတော့ မကောင်းသေးဘူး ထင်ပါတယ်။ သူ့ဘလော့လဲ ရှိတယ်။့ http://naythwin.blogspot.com ကဗျာရပ်ဝန်းဘလော့မှာတောင် နောက်ဆုံးကဗျာတပုဒ် တင်ထားသေးတယ်လေ။ ကလောင်နာမည်ရွေးချယ်မှုက အရေးကြီးတယ်ထင်ပါတယ်။
April 1, 2008 3:06 AM
မခင်မင်းဇော် ….
လူတူမရှား နံမည်တူမရှားဆိုတဲ့ စကားရှိပေမယ့်။ “ ကလောင်နံမည်” ရွေးချယ်မှုအရေးကြီးတယ်ဆိုတဲ့ မခင်မင်းဇော်အကြံပြုချက်ကို ကျေးဇူးတင်ပါတယ်။
ဒါပေမယ့် ကျနော့်ဘလော့ဂ်မှာတင်ထားတဲ့ နေနေ(နို့ဖိုးစခန်း)ဆိုတဲ့ကလောင်နဲ့ နေနေ နဲ့တော့ အလွယ်တကူခွဲနိုင်ဖို့ကောင်းပါတယ်။ ကလောင်နာမည်နောက်မှာပါတဲ့ အထူးပြုကို အလကားသက်သက်ထည့်ထားတာမဟုတ်ပါဘူး၊ အဲဒီလို ၀ိဝါဒတွေကို ရှောင်ရှားဖို့ထည့်ထားတာလို့ထင်ပါတယ်။
ကျနော်တို့မြန်မာစာပေသမိုင်းမှာလည်း အများကြီးရှိပါတယ်။ ဆရာကြီးမြမျိုးလွင်တို့ခေတ်၊ ပဲတန်ဝတ္တုတိုခေတ်တွေမှာကိုရှိခဲ့ပါတယ်။ အခုလက်ရှိခေတ်ပြိုင်တွေထဲမှာလည်း အများကြီးရှိပါတယ်။ ၀င်းဖေ၊ ၀င်းဖေ(မုံရွာ)၊ ညိုမင်းလွင်၊ ညိုမင်းလွင်(မြန်မာမြေ) စတဲ့ကလောင်တွေပါ။ စာရေးဆရာ ဒါရိုက်တာဝင်းဖေဟာ ကဗျာဆရာမုံရွာ ၀င်းဖေမဟုတ်မှန်း မြန်မာစာဖတ်ပရိတ်သတ်သိသလို အခုဒါရိုက်တာ အူကြောင်ကြား ညိုမင်းလွင်ဆိုတာ ရုပ်ရှင်မင်းသား ၀င်းဦး(ညိုမင်းလွင်)ဒါမှမဟုတ် ကဗျာဆရာ စိုးအောင်သစ်(ညိုမင်းလွင်-မြန်မာမြေ)မဟုတ်မှန်းလည်း သိကြပါတယ်။ စာရေးဆရာမသန်းမြင့်အောင်နဲ့ ပန်းချီဆရာသန်းမြင့်အောင်တို့ဆို လိင်ဘဲကွဲတယ် နာမည်ကတော့အတူတူပါပဲ။
လေးစားစွာဖြင့်
ပြည့်စုံ(ဝေါသားလေး)