Wednesday, April 2, 2008

ဖြေရှင်းချက်

ခင်မင်းဇော် said...
ပြည့်စုံရေ
နေနေ(နို့ဖိုးစခန်း)ဆိုတော့ ခေတ်ပြိုင်မှာ ကဗျာတွေ အက်ဆေးတွေ ရေးနေကျ နေနေထင်လို့ သွားမေးကြည့်တော့ မဟုတ်ဘူးတဲ့။ အဲဒီနေနေက အခုမစ္ဇျိမ က နေသွင်ပေါ့။ အရင် မိုးကြိုးက။ ဒီလို နာမည်ဆင်တူနေတာတော့ မကောင်းသေးဘူး ထင်ပါတယ်။ သူ့ဘလော့လဲ ရှိတယ်။့ http://naythwin.blogspot.com ကဗျာရပ်ဝန်းဘလော့မှာတောင် နောက်ဆုံးကဗျာတပုဒ် တင်ထားသေးတယ်လေ။ ကလောင်နာမည်ရွေးချယ်မှုက အရေးကြီးတယ်ထင်ပါတယ်။
April 1, 2008 3:06 AM

မခင်မင်းဇော် ….
လူတူမရှား နံမည်တူမရှားဆိုတဲ့ စကားရှိပေမယ့်။ “ ကလောင်နံမည်” ရွေးချယ်မှုအရေးကြီးတယ်ဆိုတဲ့ မခင်မင်းဇော်အကြံပြုချက်ကို ကျေးဇူးတင်ပါတယ်။

ဒါပေမယ့် ကျနော့်ဘလော့ဂ်မှာတင်ထားတဲ့ နေနေ(နို့ဖိုးစခန်း)ဆိုတဲ့ကလောင်နဲ့ နေနေ နဲ့တော့ အလွယ်တကူခွဲနိုင်ဖို့ကောင်းပါတယ်။ ကလောင်နာမည်နောက်မှာပါတဲ့ အထူးပြုကို အလကားသက်သက်ထည့်ထားတာမဟုတ်ပါဘူး၊ အဲဒီလို ၀ိဝါဒတွေကို ရှောင်ရှားဖို့ထည့်ထားတာလို့ထင်ပါတယ်။
ကျနော်တို့မြန်မာစာပေသမိုင်းမှာလည်း အများကြီးရှိပါတယ်။ ဆရာကြီးမြမျိုးလွင်တို့ခေတ်၊ ပဲတန်ဝတ္တုတိုခေတ်တွေမှာကိုရှိခဲ့ပါတယ်။ အခုလက်ရှိခေတ်ပြိုင်တွေထဲမှာလည်း အများကြီးရှိပါတယ်။ ၀င်းဖေ၊ ၀င်းဖေ(မုံရွာ)၊ ညိုမင်းလွင်၊ ညိုမင်းလွင်(မြန်မာမြေ) စတဲ့ကလောင်တွေပါ။ စာရေးဆရာ ဒါရိုက်တာဝင်းဖေဟာ ကဗျာဆရာမုံရွာ ၀င်းဖေမဟုတ်မှန်း မြန်မာစာဖတ်ပရိတ်သတ်သိသလို အခုဒါရိုက်တာ အူကြောင်ကြား ညိုမင်းလွင်ဆိုတာ ရုပ်ရှင်မင်းသား ၀င်းဦး(ညိုမင်းလွင်)ဒါမှမဟုတ် ကဗျာဆရာ စိုးအောင်သစ်(ညိုမင်းလွင်-မြန်မာမြေ)မဟုတ်မှန်းလည်း သိကြပါတယ်။ စာရေးဆရာမသန်းမြင့်အောင်နဲ့ ပန်းချီဆရာသန်းမြင့်အောင်တို့ဆို လိင်ဘဲကွဲတယ် နာမည်ကတော့အတူတူပါပဲ။

လေးစားစွာဖြင့်
ပြည့်စုံ(ဝေါသားလေး)

ဆက်လက်ဖတ်ရှုရန် ...

Wednesday, March 26, 2008

ပန်းနုရောင် “99”


ကျနော်ငယ်ငယ်က
အင်မတန်မှ မြတ်နိုးခဲ့တဲ့
ကောင်မလေး တစ်ယောက်ရှိတယ်ဗျ
မနေ့ကပေါ့
ပန်းနုရောင်“99”ဆီကျနော်ပြန်ရောက်သွားတယ်..။

အဲဒီတုန်းက
သိပ္ပံပစ္စည်းတွေများများတင်ထားတဲ့
သူမရဲ့အလှကို
သိပ်မကြိုက်တတ်ခဲ့ပေမယ့် (ကျနော်လူပျိုပေါက်ကတည်းကပါ)
သူမရဲ့ ခပ်မှေးမှေး မျက်ဝန်းတစုံက
အဖမ်းစားဆုံးပါ
(ကျနော်ပြောနေကျပေါ့)
ခင်ဗျားယုံမလားမသိဘူး
ကျနော်အခုထိ လွမ်းလို့ကောင်းနေတုန်း(အဲဒီမျက်ဝန်းကို)
ကမ္ဘာဦးစကတည်းက စခဲ့တာပဲပြောပြော
ကျနော့်အတွက်တော့ “ 99”မှ စခဲ့တာပါ
သြော် … ပြောရအုံးမယ်
ကျနော်အတ္တများများသွတ်ထားတဲ့
ပေါင်မုန့်ကိုစားမိရင်းက
“ဒါလေး” နဲ့ဝေးနေခဲ့တာပါ……။

နေနေ(နို့ဖိုးစခန်း)

ဆက်လက်ဖတ်ရှုရန် ...

Tuesday, March 25, 2008

ရိုးသားစွာဖြင့်


ကောင်မလေးရေ...
ခပ်ပါးပါးတံတိုင်း တစ်ဖက်ဆီမှာ
ငါတို့ရဲ့ ရင်ခုန်သံတွေ ဘယ်လောက်ထိအောင်
တုန်ခါမြင့်မားခဲ့ပါသလဲ...။


ကောင်မလေးရေ....
ငါ့ရဲ့အဖြစ်က
ဆူးပေါ်ဖက်ကျလည်း ဆူးကျိုး
ဖက်ပေါ်ဆူးကျလည်း ဆူးကျိုးနဲ့
လွမ်းတတ်တဲ့ကောင်ဟာ
အခါခါနာကျင်ခဲ့ပေါ့...

ကောင်မလေးရေ...
လူပြောသူပြောများတဲ့ လမင်းကို
တို့နှစ်ယောက်အတူ မငေးခဲ့ဖူးဘူး..
ကြယ်တွေအကြွေမှာ
ပြန်ဆုံအောင်လည်း မဆုတောင်းဖူးဘူးနော်...

ကောင်မလေးရေ....
ငါကတော့ အရိုးသားဆုံး
ကျင့်ကြံခဲ့ပြီးပြီ
အခုလိုဝေးနေတဲ့အချိန်မှာတောင်
ငါဆေးလိပ်မသောက်တာ သိရင်
ပျော်နေမလားပဲ....။

နေနေ(နို့ဖိုးစခန်း)
မှတ်ချက်- Darlay အတွက်သာ

ဆက်လက်ဖတ်ရှုရန် ...

Thursday, March 20, 2008

အလွမ်းတွေ ပွင့်ဖူးခြင်း


တောင်ပေါ်မြို့လေးနဲ့
ငါသိပ်ချစ်တဲ့ သူတွေ
ဆက်သွယ်မှုကွန်ယက်ပေါ်ကျန်ရစ်ခဲ့တယ်...။

သစ်ခွပွင့်ချိန် သစ်ခွပန်းတွေ ဝေဆာစွာနဲ့ပွင့်ကြရဲ့လား
လမ်းထိပ်က ပိတောက်ပင်ကြီးကတော့
လွမ်းမောစွာ သတိရခြင်းတွေ တနင့်တထမ်းနဲ့
သင်္ကြန်းမိုးကိုမျှော်နေလေရဲ့...။

နွေဦးသင်္ကေတဖြစ်တဲ့ ဥသြလေးက
အလွမ်းသံစဉ်ကို သီကျူးလို့
ကုန်လွန်ခဲ့တဲ့ ရာစုနှစ်တွေဆီ လွမ်းနေမိတယ်...။

နယ်စပ်တောင်တန်းကြီးကိုမျှော်ငေးလို့
တို့တွေဘယ်တော့ပြန်ဆုံကြမလဲ
မြူခိုးတွေက
တတောင်လုံး အုံ့ဆိုင်းလို့
သံစဉ်ထဲက ပိတောက်ကတော့
တုန်တုန်ရီရီနဲ့ အချိန်မတန်ခင် ဝေဆာနေခဲ့ပေါ့..။

သတိရတယ်....
ရာသီဥတုဆိုးသွမ်းခဲ့တဲ့
အတိတ်နေ့ရက်တွေဆီ.....။

ပြည့်စုံ

ဆက်လက်ဖတ်ရှုရန် ...

Tuesday, March 11, 2008

တိတ်တဆိတ်ည ရင်ခုန်သံ


ဒီညမျိုးမှာ လရောင်ဖွေးဖွေး ကြယ်ရောင်အေးအေးနဲ့
လှပတဲ့ ညမျိုးဖြစ်သင့်တယ်
ရာသီစက်ဝန်းက ဆောင်းအကုန်နွေအကူး
လေရူးတွေက ငြိမ်သက်လို့
အိမ်ပြန်ချိန်မှာတေးမသီနိုင်ခဲ့
အချိန်တန်အိမ်ပြန်ရမယ်
ကျေးငှက်တွေ အိပ်တန်းတက်ကုန်ပြီ
ရင်ထဲတောင်ပဲခတ်သံ တိုးတိတ်ခဲ့
မှောင်ရီဝိုးတ၀ါး လေဟာနယ်လွင်ပြင်မှာ
ငါတစ်ယောက်တည်း အထီးကျန်
အမေ့ကို အကြိမ်ကြိမ်သတိရလို့
အလွမ်းတေးကိုပဲ မိတ်ဖွဲ့ရင်း
သူငယ်ချင်းတွေရဲ့ အတွေးလှလှကဗျာတွေကိုလွမ်းတယ်...။

အေးစက်စက်အမှောင်ရင်ခွင်ထဲ
ညဟာ စိတ်ပျက်လက်ပျက် အိပ်မောကျနေရဲ့
ရင်ထဲမှာ မခံစားရအောင်နေရတာ
ခံစားနေရတာထက်ပိုဆိုးပါလား......။

ဒီကဗျာလေးဖြင့် သူငယ်ချင်းအားလုံးကို နှုတ်ဆက်ခဲ့ပါတယ်.. ခရီးတခုထွက်ရမှာမို့... ပြန်လည်ဆုံဆည်းကြအုံးမှာပါ.... နေ့သစ်တွေလှပဝေဆာလန်းဆန်းနိုင်ကြပါစေ...


ပြည့်စုံ

ဆက်လက်ဖတ်ရှုရန် ...

Monday, March 10, 2008

ဆန္ဒ

ဘုရားသခင်ဟာ
အရာရာကိုဖန်ဆင်းခဲ့တာ မှန်ရင်...။

စစ်ပွဲကြီးတွေ
ပြည်တွင်းစစ်တွေ
မုသာဝါဒ ကျူးလွန်သူတွေ
ဖိနှိပ်မှုတွေ
အဓမ္မတွေ
ဖက်ဆစ်ဝါဒတွေ
စစ်မိစ္ဆာ စစ်ဘီလူးတွေနှင့်
အာဏာရူးတွေကို
ဘယ်သူဖန်းဆင်းခဲ့တာလဲ။

အို....
အချင်းစာတန်
သင်တော့... နာမည်ပိုပျက်ပြီ။
(မကောင်းတာမှန်သမျှ
စာတန်ဖန်တီးတာ... လို့ ပြောကြလိမ့်မယ်)

ဆိုးရွားတာမှန်သမျှ
နတ်မိစ္ဆာက ဖန်းတီးတာလို့ယူဆကြလိမ့်မယ်။
ကောင်းမြတ်တာမှန်သမျှ
ဘုရားသခင်ရဲ့
ကိုယ်ပိုင်ပစ္စည်းလို့တွေးဆကြတော့မယ်။

အို...
ဘုရားသခင်
အရာရာကို ထာဝရဘုရားက
ဖန်ဆင်းခဲ့တာမှန်လျှင်.....
ဖက်ဆစ်ဝါဒ စစ်မိစ္ဆာ စစ်ဘီးလူးတွေနှင့်
အာဏာရူးတွေကို
မဖန်ဆင်းမိပါစေနှင့်....
ဖန်ဆင်းခဲ့သော နတ်မိစ္ဆာရှိခဲ့ရင်
၎င်းနတ်မိစ္ဆာတွေကို
အပြစ်ပေးတော်မူပါ။


ကျနော် ကဗျာရေးဖို့ စိတ်ကူးမပေါ်တာနဲ့ မောင်လှမျိုး(ချင်းချောင်းခြံ) မမနတ်သမီး -ကဗျာကို ဖတ်ရင်းက စိတ်ထဲရှိတာကို ကိုးကားဖော်ပြလိုက်ခြင်းဖြစ်ပါသည်။ ကျနော်ဟာကဗျာချစ်သူ တယောက်အနေနဲ့ရေးထားပြီးသားကို ဖျက်ပစ်ရမှာ နမျောလွန်း၍ ဖော်ပြလိုက်ခြင်းဖြစ်ပါ သည်။ ထို့ကြောင့်သီးခံ၍ခံစားပေးကြပါ။ မိတ်ဆွေ သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါသည်။

ပြည့်စုံ


ဆက်လက်ဖတ်ရှုရန် ...

Friday, March 7, 2008

ဒီနေ့


အမေ....
ကြည့်ရင်မြင်နိုင်ပေမယ့်...
ကြည့်လို့မှမမြင်နိုင်အောင်ဝေးနေခဲ့ကြတယ်...
ဒီနေ့ပေါ့...
နွေဦးရဲ့ ပူလောင်မှုတွေကြားထဲကနေ
အမေသားကို လောကထဲအရောက်ပို့ခဲ့တယ်

ဒီနေ့ပေါ့...
သား သတိတွေရနေတာ
မြောက်ပြန်လေပွေထဲမှာ ပိတ်မိနေတဲ့
လေညှင်းလေးတွေနဲ့ အတူပေါ့...။

ဒီနေ့ပေါ့....
လေရူးက နွေဦးရွက်ကြွေကိုတွန်းထုတ်
အဝေးကျောင်းက ခေါင်းလောင်းသံတွေကို စုတ်ယူသွားခဲ့တယ်။
အမေ...
မသိမ်းပိုက်သူသာအောင်နိုင်၏လို့ အဆိုကြားဘူးတယ်
သားဘာမှမသိမ်းပိုက်ရသေးဘူး..
ဒါပေမယ့် သား မအောင်နိုင်သေးဘူးနော်...

ဒီနေ့ပေါ့...
သားရင်ထဲ စမ်းချောင်းလေးတွေစီးဆင်းခဲ့တယ်
အမေ့ကိုအသိမပေးမိ
သားတကိုယ်ကောင်းဆန်ခဲ့မိတယ်...။

ဒီကဗျာလေးက ကျနော်၏ အစ်ကိုလိုချစ်ခင်ရသူ မတ်လ(၆)ရက်နေ့ကျရောက်တဲ့-ကိုဖုန်း(ZHC)ရဲ့ (၂၉)နှစ်ပြည့်မွေးနေ့အမှတ်တရအတွက်ရေးစပ်ခဲ့ခြင်းဖြစ်တယ်... ကိုဖုန်းရေ.. ကျနော့်ကိုနားလည်ပေးပါ.. အချိန်မီမပေးပို့နိုင်တာကို မတ်လ(၆)နေ့တွင်ကျရောက်သော မွေးနေ့မှသည် နောင်နှစ်ပေါင်း ၁၂၀ ကျော်အောင် နေ့သစ်တွေတိုင်းမှာလှပပြီး လိုအင်ဆန္ဒတွေထာဝရပြီးပြည့်စုံပါစေဗျာ...။

ညီငယ် ပြည့်စုံ

ဆက်လက်ဖတ်ရှုရန် ...