Sunday, March 29, 2009

ရက်စက်သူ

ကျနော့်သူငယ်ချင်းက ကျနော်ခံစားနေရတာကိုကြည့်ပြီး ကျနော့်အတွက်ရေးထားပေးတဲ့ကဗျာကို ကျနော်နဲ့ထပ်တူခံစားပေးဖို့ ဖော်ပြပေးလိုက်ပါတယ် ….။

ရက်စက်သူ

တကယ်တော့...
နွေးထွေးမှုအပြည့် အကြင်နာတွေပေးခဲ့တယ်
မင်းအတွက် အေးမြမှီခိုဖို့
ငါ့ရင်ခွင်ဖွင့်ဟထားခဲ့တယ်
ဒါပေမယ့်
မင်းကမှအရေးမထားခဲ့တော့လည်း
ကန္တာရလိုပဲ
ငါ့ရင်ခွင်ခြောက်ကပ်လွန်းလှတယ်…။

တကယ်တော့...
အနိုင်မရလိုခဲ့ပါဘူး
ရှုံးနိမ့်မှာကို ကြောက်ခဲ့ရုံပါ
ကိုယ်ထင်ရာ ကိုယ်စိုင်းခဲ့တော့
နီးလျှက်နဲ့ ဝေးသွားခဲ့….။

အခုတော့...
ခံစားချက်တိုင်း အသက်မဲ့
နာကျင်ခံစားမှုတွေ သင်ပုန်းချေလို့
ဆန္ဒတွေ ဖြစ်လာမယ့်တစ်နေ့ကို
ငါ... စောင့်မျှော်နေရင်းပေါ့….။

ဆက်လက်ဖတ်ရှုရန် ...

Friday, March 20, 2009

အသက်မဲ့ နေ့

ကျနော်လည်း ကဗျာနဲ့ဝေးနေခဲ့တာကြာပြီ… ဒါကြောင့် ကမ္ဘာ့ကဗျာနေ့အမှတ်တရအဖြစ် ဒီကဗျာလေးကို တင်လိုက်ခြင်းဖြစ်ပါတယ်..။ ဒီကဗျာဟာ… ၁၅.၃.၀၉ ည ၁း၄၅ နာရီမှာ ဘယ်တုန်းကမှ မခံစားဘူးတဲ့ ခံစားမှုတစ်ခုကို ပုံဖော်ထားတဲ့ ငုတ်တုတ်မိုးလင်းခဲ့တဲ့ည အမှတ်တရကဗျာလေးပါ…။

အသက်မဲ့ နေ့

ကဗျာ ....
ငါသူ့ကိုထိုင်စောင့်နေခဲ့
အချိန်တွေသာကုန်လွန်သွားတယ်
သူမလာခဲ့ဘူး….
အတွေးတွေ မှုန်ဝါး
ရည်ရွယ်ချက်တွေပျောက်
မျှော်လင့်ချက်တွေမဲ့.....

ငါ့ကိုငါတောင် မသိတော့
လိုချင်တာထက် လိုအပ်တာကိုဦးစားပေးရမှာလား
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို လုပ်ရမှာလား……

ငါမခံနိုင်ဘူး….
ငါဘယ်လိုမျှော်လင့်ရမလဲ
ကြင်နာမှုတွေက
နာကျင်မှုတွေဖြစ်
ရိုးသားမှုတွေ အရောင်တွေပြောင်း
ဂတိသစ္စာတွေ ဖောက်ပြားတော့
နွယ်မြက်သစ်ပင်တွေတောင် ဆေးဖက်မ၀င်တော့ဘူး…။

ပြည့်စုံ

ဆက်လက်ဖတ်ရှုရန် ...

Tuesday, February 17, 2009

အချစ်နှင့် သူ၏ဝိရော်ဓိ

အချစ်ပေါ် အယူလွဲ အမြင်မှားနဲ့
စွဲချက်တင်သူတွေရဲ့ အတ္တကြောင့်ပါ
တကယ်တော့
အချစ်ကအဖြူရောင်ဘာသာစကားတစ်ခုပါ
အကယ်၍ အချစ်ဟာရူးသွပ်မှုဆိုရင်
ရိုးသားစွာ ရူးသွပ်ချင်သူပါ...။

မဆုံနိုင်ခင်မှာဘဲ ဝေးခဲ့တယ်
မက်ခဲ့တဲ့အိပ်မက်တွေ
ကာရံမဲ့အလွမ်းတွေ
အမြင်အာရုံအထိ ကပ်ငြိတွယ်စဲပါ...။

မင်းသာမြင်နိုင်မယ်ဆိုရင်
ငါ့နှလုံးသားပြတိုက်မှာ
မင်းပုံရိပ်တွေ အထပ်ထပ်ချိပ်စွဲထားတာ
မင်းတွေ့လိမ့်မယ်...။

အချစ်ကို အဓိပ္ပါယ်ဖွင့်တဲ့နေ့ကဆို
တဘဝစာ လူသားဆန်ခွင့်ပေးတဲ့
မင်းရဲ့ အပြုံးတစ်ချက်ကြောင့်
နှလုံးသားတစ်ခုလုံး ဝင်းလက်ခဲ့တဲ့နေ့
အဲဒီနေ့ကို နေ့တိုင်းအမှတ်ရစဲပါ...။

Anonymous

ဆက်လက်ဖတ်ရှုရန် ...

Saturday, November 15, 2008

အိမ်မက်တဲ့ည

အဲဒီညပေါ့……
အိမ်မက် မက်နေတယ်လို့ အိမ်မက်တဲ့ည
တဆတ်ဆတ်တုန်ခါနေတဲ့မြေကြီးပေါ်
လမ်းထွက်လျှောက်စဉ်
သွေးညှီနံ့တွေအငွေ့ပျံနေတဲ့အခန်းထဲ
ယုတ်မာကောက်ကျစ်မှုတွေ…
ရက်စက်ကြမ်းကြုတ်မှုတွေ…
လူ့အသက် သွေး လူ့ဂုဏ်သိက္ခာတွေကို
အာဏာအိုးထဲထည့်ပြီး
ယစ်ပူဇော်နေတဲ့လူတသိုက်
အစွမ်းကုန်မိုက်တွင်းနက်နေပုံများ
လူကတိရိစ္ဆာန်ဖြစ်လိုက်
တိရိစ္ဆာန်ကလူဖြစ်လိုက်နဲ့
ပုံရိပ်တွေ…..
ပုံရိပ်တွေ…..
ပုံရိပ်တွေနဲ့ ရှုပ်ထွေးခဲ့တဲ့ည
အဲဒီညပေါ့….။

အဲဒီညပေါ့…..
သိပံ္ပပညာရှင်တွေတောင်မခန့်မှန်းနိုင်တော့တဲ့
ဖောက်ပြန်သွားတဲ့ ကမ္ဘာကြီးအကြောင်း
ယုံကြည်ချက်ကြောင့်အသက်ပေးသွားတဲ့လူတွေအကြောင်း
ဖောက်ပြန်သွားတဲ့ လူတွေအကြောင်း
လောကနိယာမတွေ သဘာဝတရားအကြောင်း
ကောင်းကင်နဲ့မြေကြီးသဟဇာတမဖြစ်တော့တဲ့အကြာင်း
ဖောက်ပြန်မှု ဗိုင်းရပ်(စ်)တွေ လေထဲပြန့်သွားတဲ့အကြောင်း
ရင်ထဲမှာပူလောင်နာကျင်မှုတွေအခိုးငွေ့အဖြစ်လွင့်ပျံအသွား
လေထဲသို့ခုန်အချ တစ်ဘစာပုံကျအသွား
အာရုံထဲ၌ နက်မှောင်ပြာလင်းသောအရုပ် အရောင် အရိပ်များစွာ
ပုံရိပ်တွေနဲ့ရှုပ်ထွေးနေချိန်ပေါ့ ….။

အို….ဘယ်တတ်နိုင်ပါ့မလဲ လူဖြစ်နေတာကိုး….။


Anonymous

ဆက်လက်ဖတ်ရှုရန် ...

Monday, November 10, 2008

ရင်ထဲက ပဲ့တင်သံ

ဟိုး… အဝေးမြင့်မြင့်မှာ ပျံသန်းတဲ့
စင်ရော် ငှက်တွေကိုမြင်တိုင်း
ငါ့စိတ်ထဲမှာ အမျိုးအမည်မသိတဲ့
ခံစားချက်တွေ တဆစ်ဆစ်ခံစားနေရတယ်…။

လေနှင်ရာလွင့်ခဲ့တဲ့ ကျနော်
ရှုံးနိမ့်မှုတွေ အထပ်ထပ်ထမ်းပိုးရင်း
ကံကြမ္မာရဲ့လှည့်ကွက်အောက်မှာ
ရူးသွပ်ခဲ့တဲ့နေ့တွေဆိုရင် မာယာတုံ့ပြန်မှုတွေတောင်
တကယ့်လောက နိဗ္ဗာန်အမှတ်နဲ့ပေါ့….။

အခုတော့ ….
အေးစက်စက် အပြုံးနဲ့
သဘာဝတရားကြီးကတောင်
လှောင်ပြောင်နေကြပြီလေ….။

အခုချိန်ဆို အမေကျန်းမာပါစ
စိတ်ထဲကပဲ ဆုတောင်းနေရတာ
သားတစ်ကိုယ်ကောင်း ဆန်နေသလားမသိ
အေးမြတဲ့ အမေ့မေတ္တာရိပ်ကို
ဆာလောင်လွန်းလို့ မြည်တမ်းနေတဲ့အသံကို
အမေကို လွမ်းဘူးသူတိုင်း ကြားနိုင်ပါရဲ့…။

အို… အဖ ဘုရားသခင်
မကြံမရာ မတောင်းပါဘူး….
သံသရာကောင်းအောင်တော့….
ငြိမ်းချမ်းတဲ့ ကမ္ဘာသစ်တစ်ခု ပေးသနားတော်မူပါ…။


Anonymous

ဆက်လက်ဖတ်ရှုရန် ...

Monday, October 27, 2008

မနှင်းဆီသို့ လွမ်းသ၀ဏ်

နှင်းဆီကြိုက်တဲ့ ကောင်မလေးရေ
မင်းအတွက် ငါ့နှလုံးသွေးနဲ့ရင်းပြီး
နှင်းဆီတစ်ပင်စိုက်ပျိုးခဲ့တယ်
အခုတော့
ငါစွဲလမ်းတဲ့ နှင်းဆီလေးတစ်ပွင့်
အဝေးမှာ လန်းဆန်းသလား ညှိုးနွမ်းသလား… ငါမသိ…။

တခါတုန်းက ကိုယ့်ကောင်းကင်မှာ
လမင်းလေးတစ်စင်း သာခဲ့ဘူးတယ်
ပျော်ရွှင်မှုတွေ
ပြီးပြည့်စုံခြင်းတွေ
ခွန်အားတွေ
ယုံကြည်မှုတွေနဲ့
ကိုယ့်ကောင်းကင် သိပ်လှခဲ့ဘူးတယ်…။

အခုတော့
အတွေးစိတ်ကူးနဲ့ အလွမ်းတွေရွာချနေတဲ့
တိမ်လိပ်တွေကြား ငါတကိုယ်ရေအထီးကျန်စွာ
နှလုံးသားဒါဏ်ရာနဲ့
ဘ၀ရထားပေါ် ဆက်ကာ လိုက်ပါရအုံးမယ်
ကိုယ်တို့အတွက် ပျော်စရာ ဘူတာရုံလေးတစ်ရုံတော့
ဟောဒီ…မိုးကုတ်စက်ဝိုင်း အနားသပ်မှာရှိရမှာပေါ့…။

P.S (အလွမ်းဆိုတာ မွေးရာပါ မဟုတ်ပေမယ့် အဓိပ္ပါယ်မဲ့ လွမ်းနေမိတယ်…)

Anonymous

ဆက်လက်ဖတ်ရှုရန် ...

Friday, October 17, 2008

စီးမျောခြင်း…

နေပူလိုက်
မိုးရွာလိုက်
ဆီးနှင်းတွေကျလိုက်
အချမ်းကဲ အအေးကဲနဲ့
အင်းလေ… ဒါဝေါမြို့မှ မဟုတ်တာ
ရာသီဥတုတွေပြောင်း
မြင်ကွင်းတွေပြောင်း
နယ်မြေဒေသတွေပြောင်း
ခံစားမှုတွေလည်းပြောင်းပေါ့….။

လူဆိုတာ တခုခုကို ငြီးငွေ့လာရင်
ဆန့်ကျင်ရာကို ရှောင်ပြေးတတ်ကြတယ်
ငါလည်း ဘာကိုငြင်းဆန်ရမှန်းမသိ
တစ်ယောက်တည်း
သတိရမယ့်သူတွေကို သတိရလိုက်
လွမ်းရမယ့်သူတွေကို လွမ်းလိုက်
လှုပ်ဖို့မပြောနဲ့ ငြိမ်ငြိမ်လေးကို မောနေတယ်…။

သိပ္ပံပညာရှင်တွေက ပြောတယ်
ဘယ်တော့မှ မပြောင်းလည်းတဲ့ နိယာမတဲ့
“ အရာရာဟာ အမြဲတမ်းပြောင်းလည်းနေတယ် ” တဲ့
ငါလည်း မသေချာ မရေရာမှုတွေနဲ့
အချင်းချင်း ဟာမိုနီဖြစ်လို့
သူငယ်ချင်းရေ…
မင်းတို့အပေါ်ကို တ၀ုန်းဝုန်းနဲ့ ရွာနေတဲ့ ဝေါမြို့မိုးက
ငါ့ကို မစိုပြန်ဘူး…။


ပြည့်စုံ

ဆက်လက်ဖတ်ရှုရန် ...