အဲဒီညပေါ့……
အိမ်မက် မက်နေတယ်လို့ အိမ်မက်တဲ့ည
တဆတ်ဆတ်တုန်ခါနေတဲ့မြေကြီးပေါ်
လမ်းထွက်လျှောက်စဉ်
သွေးညှီနံ့တွေအငွေ့ပျံနေတဲ့အခန်းထဲ
ယုတ်မာကောက်ကျစ်မှုတွေ…
ရက်စက်ကြမ်းကြုတ်မှုတွေ…
လူ့အသက် သွေး လူ့ဂုဏ်သိက္ခာတွေကို
အာဏာအိုးထဲထည့်ပြီး
ယစ်ပူဇော်နေတဲ့လူတသိုက်
အစွမ်းကုန်မိုက်တွင်းနက်နေပုံများ
လူကတိရိစ္ဆာန်ဖြစ်လိုက်
တိရိစ္ဆာန်ကလူဖြစ်လိုက်နဲ့
ပုံရိပ်တွေ…..
ပုံရိပ်တွေ…..
ပုံရိပ်တွေနဲ့ ရှုပ်ထွေးခဲ့တဲ့ည
အဲဒီညပေါ့….။
အဲဒီညပေါ့…..
သိပံ္ပပညာရှင်တွေတောင်မခန့်မှန်းနိုင်တော့တဲ့
ဖောက်ပြန်သွားတဲ့ ကမ္ဘာကြီးအကြောင်း
ယုံကြည်ချက်ကြောင့်အသက်ပေးသွားတဲ့လူတွေအကြောင်း
ဖောက်ပြန်သွားတဲ့ လူတွေအကြောင်း
လောကနိယာမတွေ သဘာဝတရားအကြောင်း
ကောင်းကင်နဲ့မြေကြီးသဟဇာတမဖြစ်တော့တဲ့အကြာင်း
ဖောက်ပြန်မှု ဗိုင်းရပ်(စ်)တွေ လေထဲပြန့်သွားတဲ့အကြောင်း
ရင်ထဲမှာပူလောင်နာကျင်မှုတွေအခိုးငွေ့အဖြစ်လွင့်ပျံအသွား
လေထဲသို့ခုန်အချ တစ်ဘစာပုံကျအသွား
အာရုံထဲ၌ နက်မှောင်ပြာလင်းသောအရုပ် အရောင် အရိပ်များစွာ
ပုံရိပ်တွေနဲ့ရှုပ်ထွေးနေချိန်ပေါ့ ….။
အို….ဘယ်တတ်နိုင်ပါ့မလဲ လူဖြစ်နေတာကိုး….။
Anonymous
Saturday, November 15, 2008
အိမ်မက်တဲ့ည
Monday, November 10, 2008
ရင်ထဲက ပဲ့တင်သံ
ဟိုး… အဝေးမြင့်မြင့်မှာ ပျံသန်းတဲ့
စင်ရော် ငှက်တွေကိုမြင်တိုင်း
ငါ့စိတ်ထဲမှာ အမျိုးအမည်မသိတဲ့
ခံစားချက်တွေ တဆစ်ဆစ်ခံစားနေရတယ်…။
လေနှင်ရာလွင့်ခဲ့တဲ့ ကျနော်
ရှုံးနိမ့်မှုတွေ အထပ်ထပ်ထမ်းပိုးရင်း
ကံကြမ္မာရဲ့လှည့်ကွက်အောက်မှာ
ရူးသွပ်ခဲ့တဲ့နေ့တွေဆိုရင် မာယာတုံ့ပြန်မှုတွေတောင်
တကယ့်လောက နိဗ္ဗာန်အမှတ်နဲ့ပေါ့….။
အခုတော့ ….
အေးစက်စက် အပြုံးနဲ့
သဘာဝတရားကြီးကတောင်
လှောင်ပြောင်နေကြပြီလေ….။
အခုချိန်ဆို အမေကျန်းမာပါစ
စိတ်ထဲကပဲ ဆုတောင်းနေရတာ
သားတစ်ကိုယ်ကောင်း ဆန်နေသလားမသိ
အေးမြတဲ့ အမေ့မေတ္တာရိပ်ကို
ဆာလောင်လွန်းလို့ မြည်တမ်းနေတဲ့အသံကို
အမေကို လွမ်းဘူးသူတိုင်း ကြားနိုင်ပါရဲ့…။
အို… အဖ ဘုရားသခင်
မကြံမရာ မတောင်းပါဘူး….
သံသရာကောင်းအောင်တော့….
ငြိမ်းချမ်းတဲ့ ကမ္ဘာသစ်တစ်ခု ပေးသနားတော်မူပါ…။
Anonymous
Monday, October 27, 2008
မနှင်းဆီသို့ လွမ်းသ၀ဏ်
နှင်းဆီကြိုက်တဲ့ ကောင်မလေးရေ
မင်းအတွက် ငါ့နှလုံးသွေးနဲ့ရင်းပြီး
နှင်းဆီတစ်ပင်စိုက်ပျိုးခဲ့တယ်
အခုတော့
ငါစွဲလမ်းတဲ့ နှင်းဆီလေးတစ်ပွင့်
အဝေးမှာ လန်းဆန်းသလား ညှိုးနွမ်းသလား… ငါမသိ…။
တခါတုန်းက ကိုယ့်ကောင်းကင်မှာ
လမင်းလေးတစ်စင်း သာခဲ့ဘူးတယ်
ပျော်ရွှင်မှုတွေ
ပြီးပြည့်စုံခြင်းတွေ
ခွန်အားတွေ
ယုံကြည်မှုတွေနဲ့
ကိုယ့်ကောင်းကင် သိပ်လှခဲ့ဘူးတယ်…။
အခုတော့
အတွေးစိတ်ကူးနဲ့ အလွမ်းတွေရွာချနေတဲ့
တိမ်လိပ်တွေကြား ငါတကိုယ်ရေအထီးကျန်စွာ
နှလုံးသားဒါဏ်ရာနဲ့
ဘ၀ရထားပေါ် ဆက်ကာ လိုက်ပါရအုံးမယ်
ကိုယ်တို့အတွက် ပျော်စရာ ဘူတာရုံလေးတစ်ရုံတော့
ဟောဒီ…မိုးကုတ်စက်ဝိုင်း အနားသပ်မှာရှိရမှာပေါ့…။
P.S (အလွမ်းဆိုတာ မွေးရာပါ မဟုတ်ပေမယ့် အဓိပ္ပါယ်မဲ့ လွမ်းနေမိတယ်…)
Anonymous
Friday, October 17, 2008
စီးမျောခြင်း…
နေပူလိုက်
မိုးရွာလိုက်
ဆီးနှင်းတွေကျလိုက်
အချမ်းကဲ အအေးကဲနဲ့
အင်းလေ… ဒါဝေါမြို့မှ မဟုတ်တာ
ရာသီဥတုတွေပြောင်း
မြင်ကွင်းတွေပြောင်း
နယ်မြေဒေသတွေပြောင်း
ခံစားမှုတွေလည်းပြောင်းပေါ့….။
လူဆိုတာ တခုခုကို ငြီးငွေ့လာရင်
ဆန့်ကျင်ရာကို ရှောင်ပြေးတတ်ကြတယ်
ငါလည်း ဘာကိုငြင်းဆန်ရမှန်းမသိ
တစ်ယောက်တည်း
သတိရမယ့်သူတွေကို သတိရလိုက်
လွမ်းရမယ့်သူတွေကို လွမ်းလိုက်
လှုပ်ဖို့မပြောနဲ့ ငြိမ်ငြိမ်လေးကို မောနေတယ်…။
သိပ္ပံပညာရှင်တွေက ပြောတယ်
ဘယ်တော့မှ မပြောင်းလည်းတဲ့ နိယာမတဲ့
“ အရာရာဟာ အမြဲတမ်းပြောင်းလည်းနေတယ် ” တဲ့
ငါလည်း မသေချာ မရေရာမှုတွေနဲ့
အချင်းချင်း ဟာမိုနီဖြစ်လို့
သူငယ်ချင်းရေ…
မင်းတို့အပေါ်ကို တ၀ုန်းဝုန်းနဲ့ ရွာနေတဲ့ ဝေါမြို့မိုးက
ငါ့ကို မစိုပြန်ဘူး…။
ပြည့်စုံ
Sunday, June 15, 2008
ခြင်နဲ့ ဖြုတ်
နာဂစ်မုန်တိုင်းနဲ့ပတ်သတ်ပြီးကြေကွဲရပါတယ် ထို့ထပ်ပိုဆိုးတာက လူလူချင်း စာနာထောက်ထားမှုမရှိဘူး။ ရလိုမှုတစ်ခုပဲကြည့်တတ်တဲ့ လက်တဆုပ်စာ အာဏာရှင်စစ်ဘီလူးတွေရဲ့ နိုင်လိုမင်းထက်ပြုမူဆံဆက်မှုတွေကို ကျနော်တို့ပြည်သူတွေခံစားနေရပါတယ်။ ထို့ကြောင့် အခြေအနေလေးတွေတိုက်ဆိုင်လို့ ဆရာမောင်သွေးသစ်ရဲ့ ခြင်နဲ့ဖြုတ် (စံပယ်ဖြူ မဂ္ဂဇင်း အမှတ်(၉) စက်တင်ဘာ၊၂၀၀၂ )တွင်ဖော်ပြခဲ့သော ကဗျာကိုကူးယူတင်ပြလိုက်ပါတယ်။
ခြင် နဲ့ဖြုတ်
မင်းတို့ကို
မသတ်လိုဘူး။
ဒို့ဆီက
ထွက်ပျံကြဖို့၊
အလေးအနက်တောင်းဆိုတယ်။
ခြင်ထောင်မဲ့
ခြုံစောင်မဲ့၊ ဒို့ရဲ့ခန္ဓာကိုယ်
နေရာမလပ်၊ လှည့်ပတ်ကိုက်ရင်း
မင်းတို့ သွေးစုတ်နေကြတယ်။
မင်းတို့အားလုံး
စုရုံးပျံသွားကြစမ်းပါ။
တကယ်ဆိုရင်
ဗွက်စိုနွံကြား၊ ရွှံ့ပုတ်ကြားက
မွေးဖွားလာတဲ့ မင်းတို့လို။
ဓနိကျူဝါး
တဲကုပ်ကြားမှာ၊ ကြီးထွားနေတဲ့ ငါတို့ပါ။
ဘ၀တူချင်း
အတန်းစားချင်း၊ ရက်စက်ခြင်းနဲ့
မင်းတို့ ဗိုလ်မကျသင့်ဘူး။
မင်းတို့ဟာ
ဒို့ရဲဘော်ဖြစ်သင့်တယ်။
Wednesday, May 14, 2008
မညီမျှခြင်းများ
ကိုယ့်ဖို့ခက်ခဲ့သလောက်
တချို့များလွယ်လိုက်တာ
လောကကြီး ဘာဖြစ်တယ် ဘာညာပေါ့
မပြောချင်တော့ပါဘူး…။
အို… ဗုဒ္ဓ
တပည့်တော် သူတပါးကို
ခြေထိုးခဲ့ဖူးပါလျှင်
တခါတည်းသာ အပြစ်ပေးပါ
စီးဆင်းရာတွေ ပြောင်းလဲတတ်တဲ့
မြစ်ကျိုးအင်းလိုဘ၀မျိုး
မရောက်ရပါနဲ့…..။
ပြောသမျှနားထောင်, ကျွေးသမျှစားပြီး
သက်တမ်းကုန်မယ့် ဘ၀မျိုး
မရောက်ရပါစေနှင့်….
သူတို့လိုပေါ့
မီးစ တဖက်, ရေမှုတ်တဖက်
တွဲသုံးကြည့်ဖူးတယ်
မရဘူးဗျ
ရေနင်တယ်….။
နေနေ(နို့ဖိုးစခန်း)
Thursday, May 1, 2008
“ မိရိုးဖလာ… ဗလာကဗျာတစ်ပုဒ် ”
ထက်ဇော်
ကောင်းကင်နက်က ကြယ်တွေကြွေစေတယ်…။
တိတ်ဆိတ်ညိုးညံနေတဲ့
ဖြူလွှလွှ တောက်လောင်မှုတွေ…။
အစိမ်းရင့်ရင့် ပွင့်စေတဲ့
နီးဆွေးဆွေး သံလွင်ခက်တွေ….။
အဓိပတိလမ်းဘေးက
အညတရ ကံ့ကော်ကြွေတွေ…။
တေးတစ်ဝက်နဲ့ ခန္ဓာပျက်ခဲ့တဲ့
ထနောင်းပင်ထက်က ချိုးငယ်တွေ…။
မိုးအလင်း ဇာတ်ထုပ်တစ်ခုထဲက
ငုတ်တုတ်မိုးချုပ်ခဲ့ပြီး အိမ်ပြန်မရောက်တဲ့ကဗျာအိုတွေ….။
ဒါဟာ … ဒို့ရေးတဲ့ သမိုင်းလား…..။
ရေးပြီးသား ဖတ်စာတစ်အုပ်လား….။
ဆပ်ရန်လက်ကျန်ရှိ အကြွေးစာရင်းလား….။
……. …….. …….. လား…။
……. …….. …….. လား…။
……. …….. …….. လား…။
“ ဘ၀” ဆိုတာ “ ခဏ” လေးပါကွာဆိုပြီး
“ခဏ” ဆိုတာ “ ဘ၀” ပဲဆိုတာမေ့လျော့
ညတွေထဲမှာ ကြယ်တွေကို
ပလုံစီဂီတတွေ၊ အညှီအဟောက်တွေ
စီးကရက်တွေ၊ မိန်းမပျက်တွေ နဲ့ မြှား
ဒီလိုနဲ့ …..
နေ၀င်ရီတရောမှာ အမှန်တရားနဲ့ လက်ဆွဲနှုတ်ဆက်
ကျော်ဖတ်ရန်နဲ့ မရေးဖြစ်တော့တဲ့ စာမျက်နှာတွေအကြောင်း
ထောင်းနမောင်းထ၊ ဖွာလန်ကြဲဆွေးနွေးပြီး
ကိုယ့်ကိုကိုယ် ပြန်မြည်းနေမိတာ ကြာပေါ့….။
ဟုတ်တယ်…..
ကောင်းကင်နက်က ကြယ်တွေကြွေစေတယ်လို့လေ…..။
(၁.၅.၂၀၀၈)