
ကမောက်ကမနဲ့ နိုးတဲ့မနက်
ကျနော်အင်မတန်ချစ်တဲ့ အာရုဏ်ဦးက နှုတ်ဆက်မသွားဘူး
ညတုန်းကတော့
မာစီဒီး စီးမဲ့ကောင်နဲ့
ဖလော်ရီဒါမှာ လှိုင်းစီးချင်ရတာနဲ့
သြစတြေးလျမှာ ငါးမျှားမဲ့လူနဲ့
အိမ်ဖြူတော်ကို ဆေးရောင်ပြောင်းသုတ်မဲ့ကောင်နဲ့
စုံလို့ပေါ့
မူးယစ်လာတဲ့အခါ
အလိုမတူတာတွေ ပေါက်ကွဲကြတာကလွဲရင်
ကျနော်တို့လိမ္မာကြပါတယ်
အမေ
ဘောက်ခတ်ထားတဲ့ သူများကောင်းကင်အောက်မှာ
ခေါင်းငုံ့ပြီးလမ်းလျှောက်နေရပေမဲ့
တကယ်တော့ ကိုယ့်ကောင်းကင်မှာပဲ
လွတ်လပ်စွာ လှော်ခတ်ချင်ခဲ့တာပါ
အမေ
ကျနော်လေ အမှန်တရားတွေမျိုချ
အနာဂတ်ဆိုတာမရှိခဲ့ရင်
(မသေရခဲ့တော့ ခုတော့ဖြင့် အကြိမ်ကြိမ်သေခဲ့ရပေါ့)
အမေ
ကျနော်လေ ကိုယ့်ကျော ကိုယ်သပ်ပြီး
အမောဖြေခဲ့ရတဲ့နေ့တွေ မနည်းတော့ဘူး..။
နေနေ(နို့ဖိုးစခန်း)
Thursday, March 6, 2008
သူစိမ်းကောင်းကင်
Tuesday, March 4, 2008
လွတ်ကျသွားတဲ့ အသံ

အိပ်မက် ...
မျှော်လင့်ချက်တွေနဲ့ အိပ်မက်
ငါ မက်ခဲ့တယ်
အာရုဏ်မှာ ငါနိုးလာတော့
ပင်ပန်းနွမ်းနယ်စွာ အိုစာခဲ့ရတယ်။
ဝေးနေကြတယ်
ဝေးနေကြတာ တနေ့နေ့ပြန်ဆုံရမယ်လို့
မျှော်လင့်ချက်တွေနဲ့ပေါ့
ငါကလည်း သူ့ကိုခင်တယ်
သူကလည်း ငါ့ကိုခင်တယ်
အိုက်စပ်စပ် လေထုထဲ
အိုက်စပ်စပ် နေ့ရက်တွေထဲ
ဥသြ အမှတ်အသားနဲ့ ရာသီမှာ
ငါ့ရဲ့အဖြစ် တိုက်ဆိုင်သွားခဲ့
အခုတော့
လတ်လတ်ဆတ်ဆတ်ကို ဝေးခဲ့ရတယ်။
မင်းရဲ့ အရိပ်လေး
ဖြတ်လျှောက်သွားတာမြင်လိုက်တယ်
ဒါပေမယ့် မင်းမဟုတ်ဘူး
ငါ ငေးကြည့်နေရင်း
ငါ့မျက်လုံးတွေေ၀၀ါးလာခဲ့တယ်
မေမေရယ်
ငယ်ငယ်က ပုံပြင်တစ်ပုဒ်လောက်
သားကိုပြန်ပြောပြပါ
သား အငိုတိတ်ချင်လို့ပါ....။
လူတိုင်းလူတိုင်းမှာ ခံစားချက်ကိုယ်စီ အလွမ်းကိုယ်စီနဲ့ရှိကြပါတယ်။ အလွမ်းဓါတ်ခံရှိသူတွေ အတွက်ပူလောင်ခြောက်သွေ့တဲ့နွေရာသီဆိုတာ ခံစားချက်တွေကို နှိုးဆွပေးနေတဲ့ရာသီ ပဲမဟုတ်လား။ သေချာပါတယ် လူ့ဘ၀ဆိုတာ လမင်းကြီးလိုပဲနေမှာပါ တခါတရံမှာ အေးမြခြင်းတွေနဲ့အတူ မှောင်မိုက်နေတဲ့လောကကြီးကို အလင်းရောင်တွေပေးပြီး ပြည့်ပြည့်၀၀ကိုထွန်းလင်းသာနေခဲ့တယ်။ တခါတရံမှာတော့ မှောင်မိုက်စွာတိတ်ဆိတ်ကွယ်ပျောက် နေခဲ့တယ်။
ကဗျာလေးကတော့ကျနော့်ရဲ့ တဖက်သတ်ခံစားချက်ပါ ကျနော့်မှာ သူငယ်ချင်းတယောက်ရှိခဲ့ဘူးပါတယ်.. ကျနော်တို့က တယောက်တနေရာဆီမှာပါ။ ကျနော့်ရဲ့ မျှော်လင့်ချက်ကဘာလည်းဆိုတော့ ဝေးနေကြတာ တနေ့နေ့ပြန်ဆုံတွေ့ရမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့ အတူတူရှိနေတာ ခွဲခွာခြင်း အဖြစ် အချိန်မရွေးပြောင်းသွားနိုင်တယ်ဆိုပြီးတော့ပါ။ အဲဒီလိုနဲ့ပဲ ကျနော်အမြဲကြိုနေခဲ့တဲ့ နွေဦးမှာ အကြောင်းတိုက်ဆိုင်စွာ ကျနော်တို့တွေဟာ ဝေးနေရာကနေ ပိုဝေးသွားခဲ့ကြတာပေါ့ ဥသြလေးတောင် တွန်သံအရင်လိုမချိုမြိန်တော့ဘူး။ အလွမ်းတွေနဲ့အတူ ရင်ကွဲသံတွေထပ်ထပ်နေတယ်။ အတိတ်တွေ ချိုမြိန်ခဲ့ပေမယ့် ခါးသက်သက်နေ့ရက်တွေကို ပူလောင်အိုက်စပ်စွာ ဖြတ်သန်းရတော့မှာပေါ့။
ကဗျာလေးနဲ့အတူ နှင်းဆီပန်းပုံတင်ထားတာက ကျနော်ဖတ်ဘူးသော လက်ဆောင်နှင့်အဓိပ္ပါယ်ဆိုတဲ့ စာအုပ်ထဲက ချစ်သူနှစ်ဦး စိတ်ကောက် စိတ်ဆိုးရင် ပြေလည်အောင်ချော့လိုသည့်အခါ ယောင်္ကျားလေးက မိန်းလေးကို နှင်းဆီပန်းစည်း(သို့) ပန်းပွင့်ပေးရမယ်တဲ့၊ မိန်းခလေးက ယောင်္ကျားလေးကို သီချင်းဓါတ်ပြားအယ်လ်ဘမ် လက်ဆောင်ပေးရမယ်ဆိုလို့ အမှတ်တရအဖြစ်နဲ့ပါ တကယ်က ကျနော်တို့တွေ ဖြူစင်စွာရင်းနှီးခဲ့ကြသော ဖြူစင်သောသူငယ်ချင်းတွေပါ။
ပြည့်စုံ
Friday, February 29, 2008
ချယ်ရီမြို့

ပိတောက်နဲ့ ချယ်ရီမဟုတ်ပေမဲ့
တယောက်တနယ်ဆီ
တစ်တောလုံး ဝေနေတာတောင်
ငါ့ရင်ထဲ တတောင်လုံးမှိုင်းလို့
မြူနှင်းတွေကြောင့်လား
ငွေနှင်းမှုန်တွေကြောင့်လား
ရာသီဥတုကြောင့်လား
သေချာပါတယ်….
ငါအရမ်းသတိရနေတယ်
ချယ်ရီ……
ချယ်ရီ နင်ငိုနေတယ်
ချယ်ရီရယ် ငါစွန့်ခွာခဲ့တာမဟုတ်
အနာဂတ်အတွက်ငါ ခဏဝေးနေခဲ့ပါတာ
သေချာပါတယ်….
ဒီအချိန် မြက်ခင်းပြင်အပြည့် နင်ကြွေနေပြီ
ငါ သတိရတယ်
ကြွေနေတဲ့ နင့်ရင်ခွင်ထက်
ငါမှေးစက်ခဲ့ဘူးတယ်
ဂီတနဲ့ ဖြေသိမ့်မရ
သံစဉ်နဲ့ ဖော်ကျူးလို့မရ
ကဗျာနဲ့ပဲ ငါငိုကြွေးပါရစေ….။
ပြည့်စုံ
သည်ကဗျာသည် ကျနော်တခါမှမရောက်ဘူးသော လွမ်းမောဖွယ်ရာ မောရှမ်းပြည်ကို ချယ်ရီပန်းဖြင့် စိတ်ကူးပုံဖော်ထားပါသည် အဘယ်ကြောင်ဆိုသော် ကျနော့်သူငယ်ချင်းဖြစ်သူ ZHC သူကအခုစင်္ကာပူမှာကျောင်းတက်နေတယ် သူငယ်ချင်းက သူအရမ်းသတိရတဲ့ သူ့ဇာတိဖြစ်တဲ့ ရှမ်းပြည်အတွက် ကဗျာတပုဒ်စပ်ဆိုပေးပါဆိုလို့.. ကျနော်လည်း မအားလပ်တဲ့ကြားက မရောက်ဘူးသော ဒေသအကြောင်းကို စပ်ဆိုပေးရတဲ့အတွက် အမှားအယွင်း အလွဲအချော် ဖြစ်ကောင်းဖြစ်လိမ့်မည် ဒါပေမယ့် ဖြည့်ပြီးခံစားပေးပါ…. ဘာဖြစ်လို့လည်းဆိုတော့ သူအရမ်းခံစားနေရတယ်… ချယ်ရီပင်နဲ့ဝေး… တောင်ပြာတန်းနဲ့ဝေး အားလုံးရဲ့အဝေးမှာ ……. သူ့လိုပဲ ဖြေသိမ့်မရ ဝေဒနာတွေအားလုံးမှာ ကိုယ်စီကိုယ်စီရှိကြမယ်ဆိုတာ… ကျနော်နားလည်ပါတယ်.. ကျနော်လည်းထို့အတူ ထပ်တူခံစားရတယ်…
စာဖတ်သူ သူငယ်ချင်းမိတ်ဆွေများလည်း ခံစားရမယ်ဆိုရင် ကျနော်သိခွင့်ရှိမလား…. ထပ်တူလား….. သို့မဟုတ်… ထို့ထက်ပိုလား…. သို့မဟုတ်……..
Wednesday, February 27, 2008
မဲဆောက်မှာ မိုးတွေရွာတုန်းက
သက်ဆင်ရဲ့
အိမ်ပြန်ခရီးကိုကြိုဆိုခြင်းလား
ဖောက်ပြန်တဲ့ ရာသီဥတုကြောင့်လား
မုန်တိုင်းဝင်လို့လား
သင်္ကြန်အကြိုလား
တဒင်္ဂအေးချမ်းသွားတယ်
ရိုးတံကျဲကျဲနဲ့
ရွက်ကြွေကင်းစင်
ဟင်းလင်းပြင်ဖြစ်နေတဲ့
ပတ်ဝန်းကျင်ကတော့
နိုးထလာမယ့်နွေဦးနဲ့အတူ
ပုရစ်ဖူးသစ်တွေ
ဖူးပွင့်လို့ဝေဆာလာတော့မယ်။
အော်သံရိုင်းရိုင်း မုန်တိုင်းတွေ
တချိန်တည်းမှာ ဆင့်ပွားဆင့်ပွား
အချိန်အခါမဟုတ် ရွာသွန်း
ရွှေခေတ်ရောက်ပြီဆိုတဲ့
မြန်မာပြည်ကတော့
မီးခိုးမှိုင်းတွေနဲ့
နွေဦးကို ကြိုဆို
ပြောင်းလဲနေတဲ့ ရေစီးကြောင်းထဲ
လိုက်ပါနိုင်ခြင်းမရှိ
နစ်သထက်နစ်။
တစ်ဖက်က
ကုလားထိုင်ပေါ်မှာ
တစ်ဖက်ကတော့
အဓမ္မဆုံးဖြတ်ချက်တွေကြောင့်
ငတ်ပြတ်မှုတွေနဲ့
မြေပြင်ပေါ်ရပ်လို့
ကွန်စတီကျူးရှင်း
မှန်နေလား မှားနေလားမသိ
ပြည်သူတွေကတော့
တဂြီဂြီ မြည်နေတဲ့ အစာအိမ်
ချွတ်ယွင်းနေတဲ့ ကျန်းမာရေး
ရောဂါဗရပွနဲ့ ဆေးမရှိဘူး။
ခံစားနေရတာချင်း အတူတူ
ကောင်းကင်ကြီးကတော့
လွတ်လွတ်လပ်လပ် ရွာသွန်းနေလေရဲ့။
ပြည့်စုံ
Tuesday, February 26, 2008
နွေဦးအိပ်မက်

ဝဿန်ကတော့ စုံးစုံးမြုပ်သွားပြီ
မြောက်ပြန်လေ သွေးတဲ့
မြူနှင်းမှုန်ပြပြ တစ တစနဲ့
ဝေနေရာက ပိပြားလာတယ်..
လတ်ဆတ်တဲ့ နွေဦးကတော့
စိမ်းလန်းခြင်းတွေယူဆောင်မလာခဲ့ပါ..။
တွန်သံချိုတဲ့ ရွှေသြကတော့
ရိုးတံပြိုင်းပြိုင်း ပင်အိုယံထက်
နွေအကြိုတေးကို
လွမ်းချင်းတွေနဲ့ သီကျူး
ဝေးနေလည်း မျှော်လင့်ရင်း
အကျည်းတန်စွာနဲ့
အထီးကျန်ရာသီကို ကြိုနေလေရဲ့...။
ကောသလမင်းရဲ့ နိမိတ်ပုံ
အိပ်မက်တွေကြောင့်လား....
သေခါနီး လူပြောခံရအောင် လုပ်နေတဲ့
အဖြစ်အပျက်တွေကြောင့်လား...
ပါးစပ်ပေါက်ကြီးထဲက ထွက်တဲ့
အသံမျိုးစုံကြောင့်လား...
ကာရန်မညီတဲ့ စွန်းထင်းမှုတွေနဲ့
အလွမ်းတွေ တစစီကြွေမွ
ကြယ်ရောင်နဲ့ဝေး
လရောင်နဲ့ ဝေး .... ..... ဝေးသွား
မှောင်ရီဝိုးတ၀ါးမှာ
နွေဦးအတွက် အိပ်မက်တွေရက်ရှည်ခဲ့ပေါ့....။
ပြည့်စုံ
Wednesday, February 20, 2008
အခန်းဆက် “ နွေ ”

ရာသီအမှီပန်းတွေဟာ
ဘာ့ကြောင့်မပွင့်နိုင်ခဲ့ရတာလဲ..။
လောကကြီးဟာ ရာသီဥတုဖောက်ပြန်ခြင်းလား၊
ခလုပ်တိုက်ခြင်းလား ခလုပ်တိုက်ဖိခြင်းလား၊
လောကကြီးက လှပါတယ်
အလှမဲ့နေရတာ လူတချို့ကြောင့်ပါ..။
မြေကြီးပေါ်မှာ
ရွှေသီးဖို့ အားမထုတ်ဘူး
ဗွက်ပေါက်အောင်ရေလောင်းချင်သူတွေ။
ရိုးသားဖြောင့်မတ်ခြင်းတွေ
စေတနာချို့ငဲ့တော့
တဖွဖွပြောနေကြတဲ့
တရားမျှတမှု
လွတ်လပ်မှုတွေ
ဘယ်အရပ်
ဘယ်ဒေသကိုရောက်ကုန်သည်မသိ...။
ဘာကိုမှ
ဘယ်လိုမှ
ကျေနပ်စရာမကောင်းတဲ့
ဖားအော်သံတွေကြားမှာ ...
ဘာကိုမှ
ဘယ်လိုမှ
အေးချမ်းစရာမကောင်းတဲ့
မြက်ခြောက်ပင်တွေကြားမှာ....
ဘယ်မှာလည်း နေခြည်ဖြာမယ့်လမ်း
ဘ၀ဟာ ရေတိမ်နစ်
အသားလွတ် ဖေါင်းပေးခံရ
အသားလွတ် လူချခံခဲ့ရ
ယုံကြည်ချက်တွေကို နာကြည်းမှုတွေနဲ့ မျိုသိပ်ခဲ့ရ။
သန်း(၅၀)ကျော်အတွက်ဆိုပြီး
အနာဂါတ်ဆိုတာ မရှိ
ရည်မှန်းချက်ဆိုတာ ရေမျောကမ်းတင်
တုံးအောက်က ဖားချင်းအတူတူ
သူ့ကြတော့ ဖောင်း
ကိုယ့်ကြတော့ ပြား
ပြားတဲ့သူပေါ် အနိုင်ယူချင်သူတွေ...
ကိုယ်ပွားတွေများရှိနေမလားမသိ
မမြင်ချင်တဲ့ မျက်နှာတွေကို
မကြည့်ချင်လို့ အခါခါလွှဲခါမှ
မျက်နှာမူရာ အရပ်တိုင်းမှာ
အဲဒီမျက်နှာတွေ။
ကျွမ်းဝင်နေရတဲ့ဝန်းကျင်
မှားယွင်းလွဲချော်ခဲ့တော့
မျှော်လင့်ချက်တွေ မည်း
စိတ်တွေ မော
အိပ်မက်တွေ ခါး
ခံစားမှုတွေ ပူ
အတွေးတွေ ရိုင်း
ဦးနှောက်တွေ ပျက်
အော်....
ရောမမြို့ကို ဖျက်ဆီးတာ
ရောမမြို့သူမြို့သားတွေ ဆိုပဲ..။
ဆောင်းအလွန်မှာ ဘာလုပ်မှာလည်း
စဉ်းစားထားတာမရှိ
စည်းတား ထားတာတော့ရှိတယ်...။
နွေဦးရေ...
အသံထက်မြန်တဲ့ ဒုက္ခတွေနဲ့
ငါ ကြိုဆိုချင်ဘူး
ငါ မလွမ်းချင်ဘူး...။
ပြည့်စုံ
Saturday, February 2, 2008
မဲဆောက်(သို့မဟုတ်) ထိုင်းနိုင်ငံရောက်ရွာသားမျက်စေ့
ဘ၀လှိုင်းတံပိုးတွေကြားထဲကမြို့
အလိမ်အခေါက်များတဲ့မြို့
မျှော်လင့်ချက်တွေ အရိုက်ချိုးခံခဲ့ရတဲ့မြို့
ဘ၀တခုလုံး စုံးစုံးမြုပ်ခဲ့ရတဲ့မြို့
နောင်တတွေ တသီကြီးနဲ့မြို့
ဘ၀အမောတွေထဲကမြို့
.... .... ..... ..... .... ။
ရှင်သန်လာခဲ့
အိပ်မက်တွေနဲ့အတူ
ကမ္ဘာကြီးကကြိုလင့်စောင့်နေ
တောက်ပတဲ့ နေ့သစ်တွေဆီ
သံသရာ အငြိုးတွေကြောင့်လား
လမ်းတ၀က်မှာ ပျောက်ရှသွားခဲ့
တောမောင်းရဲ့ ဆိုက်အကြည့်မှာ
“ ဆ၀ါဒီ ခပ်” မှာအားနည်းသွားခဲ့ကြ..။
လျှပ်စစ်မီး
ပြည်တွင်းစစ်မီး
သောကအပူမီး
မြေကမမျို လူလူအချင်းချင်းသာမျို
အသွေးအသားကို ပြန်ရောင်းတဲ့အထိ..။
ဘ၀တစ်ခုလုံး စုတ်ပြတ်သပ်သွားအောင်
မိုက်မဲတယ်လို့ဘဲ ပြောပြော
ပတ်ဝန်ကျင် တံတွေးခွက်ထက်
မိသားစုအရေး ပိုမည်မထင်။
မြန်မာ စကားတွေ အသံတွေ
ဈေးထဲမှာ
စက်ရုံတွေမှာ
ဟော်တယ်ကုတင်တွေမှာ
ဇိမ်ခန်းတွေမှာ
ဘီယာဘားတွေမှာ
စိုက်ခင်းတွေမှာ
ဆောက်လုပ်ရေး ဆိုဒ်တွေမှာ....။
ဝဋ်ကြွေးကြောင့်လား
ရှောင်မရတဲ့ သံသရာကြောင့်လား
ကယ်သူမဲ့ ဘ၀တွေ
“ ကျောင်းမနေဘူးသေးပါဘူး
သားကျောင်းစာအုပ်ဖိုးမတတ်နိုင်လို့
သားက သူတောင်းစားအစစ်မဟုတ်ပါဘူး
.... ...... ..... ..... ”
အနာဂတ်မဲ့ ရှင်သန်နေကြတဲ့
အလင်းမဲ့နေ့တွေနဲ့အတူ
ပန်းလေးတွေမဝေခင်မှာကြွေခဲ့ ....
အော် .... ဆုတောင်းမှားခဲ့ကြလို့လား....။
ပြည့်စုံ